ထားဝယ်ခရိုင် သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုမင်းလွင်ဦးကို ဖမ်းဆီးပေးနိုင်သူအား ဆုကြေး ကျပ်သိန်း ၃၀၀ ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ (ဧပြီ ၁၂)တွင်ကြေညာခဲ့သည်။
လောင်းလုံးမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဓာတ်မီးတိုင်များတွင် စာကပ်ကြေညာထားခြင်းဖြစ်သည်။
ကိုမင်းလွင်ဦးသည် လောင်းလုံးမြို့နယ်အတွင်း နယ်မြေအေးချမ်းမှုကို ထိခိုက်စေရန် လူငယ်များကိုစည်းရုံးပြီး ဆန္ဒပြဆူပူလှုံ့ဆော်မှုများ ဆောင်ရွက်နေသူဖြစ်ကြောင်း၊ မိဘများမှာ သားသမီးများအတွက် ပူပင်သောကရောက်ပြီး စစ်ကောင်စီအဖွဲ့အစည်းများထံ တိုင်ကြားလာမှုများရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ ရေးသားထားချက်များအပေါ် ကိုမင်းလွင်ဦးက အောက်ပါအတိုင်းပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့တော်လှန်ရေးက လူထုတော်လှန်ရေးဖြစ်တယ်။ လူထုကြားထဲကပေါက်ဖွားလာတာဖြစ်တယ်။ တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေတဲ့ လူငယ်တွေက တစ်စုံတစ်ယောက်၊ အစုအဖွဲ့တစ်ခုကနေပြီး ဖျားယောင်းသွေးဆောင်လို့ ပါလာနေတာမဟုတ်ဘူးဆိုတာ တစ်နိုင်ငံလုံးကပြည်သူတွေသိတယ်”
ယင်းအပြင် စစ်ကောင်စီကပြောဆိုရေးသားထားသကဲ့သို့ ဆန္ဒပြသူများမှာ နယ်မြေမအေးချမ်းအောင် လုပ်ဆောင်နေသူများမဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ကသာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အများပြည်သူ အေးချမ်းသာယာရေးကို ပျက်ပြားစေတယ်ဆိုတာတွေက အဓိပ္ပါယ်မရှိဘူး။ တည်ငြိမ်အေးချမ်းမှုကို တကယ်ဖျက်ဆီးနေတာက၊ ပြည်သူတွေရဲ့ လွတ်လပ်လုံခြုံမှုကို တကယ်ဖျက်ဆီးနေတာက မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရပ်ကွက်တွေထဲမှာရှိတဲ့ နောက်လိုက်တွေပဲဖြစ်တယ်” ဟု ကိုမင်းလွင်ဦးကဆိုသည်။
အနီးစပ်ဆုံး မတ်လ တစ်လလုံးနီးပါး စစ်ကောင်စီတပ်များ လောင်းလုံးမြို့နယ်တစ်လျှောက် စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံ ၈ ဦးထက်မနည်း ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံးခဲ့သည်။
ယင်းအပြင် ဒေသခံနေအိမ် ရာချီမီးရှို့ဖျက်ဆီးခံရပြီး ထောင်နှင့်ချီသည့်ဒေသခံများ ကြောက်လန့်ထွက်ပြေး ခဲ့ကြရသည်။
ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီသည် မည်သည့်အကြမ်းဖက် လုပ်ရပ်မျိုးကိုမှ ကျူးလွန်ခြင်းမရှိဘဲ အကြမ်းမဖက်လူထု လှုပ်ရှားမှုနည်းလမ်းဖြင့် ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သပိတ်ကော်မတီ ဦးဆောင်သူအား ဆုကြေးထုတ်သော်လည်း ဒေသတွင်း ဆန္ဒပြသပိတ်လုပ်ငန်းကို ထိခိုက်ခြင်းမရှိဘဲ ဆက်လက်လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ကိုမင်းလွင်ဦးကဆိုသည်။
“ သပိတ်မှာထိခိုက်စရာ ထွေထွေထူးထူးမရှိဘူး။ ဆန္ဒပြတာတွေဆက်လုပ်မယ်” ဟု ၎င်းကဆိုသည်။
ကိုမင်းလွင်ဦးသည် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်တော်မတီ (လူထု) စည်းရုံးရေးလှုံဆော်ရေး ဆပ်ကော်မတီ၏ တာဝန်ခံတစ်ဦးဖြစ်သည်။
အာဏာသိမ်းပြီး တစ်လခန့်အကြာ ၂၀၂၁ ခုနှစ်မတ်လထဲတွင် ၅၀၅ ပုဒ်မတပ်ပြီး ကိုမင်းလွင်ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့သည်။
နောက်ပိုင်းတွင်လည်း အကြမ်းဖက်မှုပုဒ်မတပ်ပြီး ဖမ်းဝရမ်းထပ်ထုတ်ခံရသေးသည်။
ယခု ၂၀၂၃ ဧပြီ ၁၂ ရက်တွင်မူ ဆုကြေးငွေထုတ်လာခြင်းဖြစ်သည်။
ယင်းမှာတနင်္သာရီတိုင်းတွင် စစ်ကောင်စီက ပထမဆုံးအကြိမ် ဆုကြေးငွေ ထုတ်ခြင်းလည်းဖြစ်သည်။
“အဓိကကျွန်တော်ကို ဖမ်းဝရမ်းထုတ်တယ်၊ ဆုကြေးငွေထုတ်တယ်ဆိုတာက ရှင်းရှင်းပြောရင် လူထုကိုကြောက်လို့လုပ်တာ။ လူထုကြားထဲမှာ လူထုနဲ့တစ်သားတည်းနေတာကို သူတို့ကကြောက်တာ” ဟု ကိုမင်းလွင်ဦးကဆိုသည်။
လောင်းလုံးမြို့နယ်သည် အာဏာသိမ်းကာလ ၂ နှစ်ကျော်ကြာလာသည့်အချိန်ထိ အကြမ်းမဖက်လူထုသပိတ်ကို ဆက်လက်လုပ်ဆောင်နေသော အားအကောင်းဆုံးဒေသများထဲမှ တစ်ခုဖြစ်သည်။