BREAKING
March 12, 2025

ဘန်းလမွတ်ကျေးရွာတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

March 12, 2025

ပုံစာ - ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်များနှင့် နီးစပ်သူများထံကသိရသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေးရွာတွင် ကား ၃ စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ယာဉ်တန်းက ကားတစ်စီးထိခိုက်သွားသော်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိ မရှိမသိရသေးကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မိုင်းဆွဲတိုက်ခိုက်လို့ထိသွားတဲ့တစ်စီးက လက်နက်၊ ခဲယမ်း ကားလို့ယူဆလို့ရတယ်။ စကစဘက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးတိုင်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်တာက ပုံမှန်ပဲ။ ကျည်ခွံတွေဆို လမ်းတစ်လျှောက် ဆိုင်ကယ်ရှောင်လို့မလွယ်တဲ့အထိများတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကားများက မြိတ်မြို့ဘက်မှ တစ်သုတ်ပြီးတစ်သုတ် တက်လာနေခြင်းဖြစ်ပြီး လမ်းတစ်လျှောက်ရှိ တပ်ရင်းများကို ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ ပို့ဆောင်နေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

အဆိုပါ ယာဉ်တန်းမလာမီ မတ်လ ၅ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သား အင်အား ၄၀၀ ခန့်ကို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်လမ်းကင်းချထားကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များက ဆိုသည်။

ယင်းကဲ့သို့ လမ်းကင်းချထားသဖြင့် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ဘန်းလမွတ်၊ ထုံနွယ်၊ ပနပ်ငယ်စသည့်ကျေးရွာများက ပြည်သူများစစ်ဘေးရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။

“သူတို့(စကစ)က တစ်ခါတစ်လေ တပ်ဖျောက်ပြီးနေတာမျိုး။ လမ်းကင်းဆိုပေမယ့် လမ်းပေါ်မှာထက် လမ်းပတ်ဝန်းကျင်က ဥယျာဉ်တွေ တောတွေထဲ တပ်ဖျောက်ပြီးတော့ဝင်နေကြတာက များတယ်။ စစ်ရှောင်တွေ သူတို့အိမ်ကို ပြန်ဖို့တော့ မရဲကြသေးဘူး” ဟု ဘန်းလမွတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း ဘန်းလမွတ်ကျေးရွာတွင် လမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများက အမျိုးသမီးများအပါအဝင် လမ်းသွားလမ်းလာ ၂၀ ကျော် ဖမ်းဆီးခဲ့ပြီး (ယနေ့) မတ်လ ၁၂ ရက်နေ့အထိ ပြန်မလွှတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။