BREAKING
March 12, 2025

ဘုတ်ပြင်းရှိ ယုဇနဆီအုန်းခြံအတွင်း အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်

March 12, 2025

ဓာတ်ပုံ - ကော့သောင်းခရိုင်အမှတ်၁တပ်ရင်း

ဘုတ်ပြင်းမြို့နယ်ရှိ ယုဇနဆီအုန်းခြံအတွင်း လုပ်ငန်းခွင်ဝင်နေသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိသဖြင့် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

ယနေ့(မတ်လ ၁၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် ယုဇနကုမ္ပဏီပိုင် ဆီအုန်းခြံအတွင်း အလုပ်လုပ်နေသည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိခြင်းဖြစ်ကြောင်း ချောင်းမွန်ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ အမျိုးသမီးမှာ ယုဇနဆီအုန်းကုမ္ပဏီ၏ အလုပ်သမားတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“ဒဏ်ရာက တော်တော်ပြင်းတယ်လို့ ကြားတယ်။ နေ မွန်းတည့်ချိန်ဆိုတော့ သွေးတွေတော်တော်ထွက်ပြီး အထဲကအရိုးတွေတောင် မြင်နေရတယ်” ဟု ချောင်းမွန်ရွာနေ အထက်ပါဒေသခံက ပြောသည်။

ဒဏ်ရာရသွားသည့်အမျိုးသမီးကို ကနဦးကုသပေးပြီးနောက် ဘုတ်ပြင်းဆေးရုံသို့ တင်ပို့လိုက်ကြောင်း ၎င်းက ဆိုသည်။

ဆီအုန်းခြံအတွင်း မိုင်းပေါက်ကွဲသည့်အသံကို ချောင်းမွန်ကျေးရွာအထိ ကြားရကြောင်း ဒေသခံအချို့က ဆိုသည်။

လက်ရှိမိုင်းပေါက်ကွဲသည့် ယုဇနကုမ္ပဏီပိုင် ဆီအုန်းခြံအတွင်း နေရာအများစုတွင် စစ်ကောင်စီတပ်သားများ မကြာခဏ လာရောက်ကာ ကင်းပုန်းဝပ်လေ့ရှိပြီး မြေမြှုပ်မိုင်းများ ထောင်ထားလေ့ရှိကြောင်း အဆိုပါဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိပေါက်ကွဲသည့်မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားမှန်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။၊

လက်ရှိတွင် တော်လှန်ရးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများနေရာအနှံ့ပြင်းထန်နေသည့်အတွက် စစ်ကျန်ပစ္စည်းများနှင့် မိုင်းများကို ထိတွေ့ကိုင်တွယ်ခြင်းမလုပ်ကြရန် တော်လှန်ရေးအဖွဲ့များက နှိုးဆော်ထားသည်။