BREAKING
March 12, 2025

တနင်္သာရီ လယ်သစ်ရွာတွင် ဒီတိုနေတာ ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးဒဏ်ရာရ

March 12, 2025

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ဥယျာဥ်ခြံအတွင်းက ကောက်လာသည့် ဒီတိုနေတာ(Detonator)ကို ဘက်ထရီဖြင့် စမ်းသပ်ဆက်သွယ်ရာက ပေါက်ကွဲမှုဖြစ်ပြီး မိသားစုဝင် သုံးဦးဒဏ်ရာရသွားကြောင်း ဒေသခံအချို့နှင့်တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မတ်လ ၁၀ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် လယ်သစ်ရွာကျေးရွာအနီးရှိ ဥယျာဥ်ခြံအတွင်းက ကောက်လာသည့် ဒီတိုနေတာ ဒေသအခေါ် ကစ်သီးကို နေအိမ်ရှိ ဘက်ထရီနှင့်ဆက်သွယ်ကြည့်ရာက ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း အသက် ၄၄ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။

ဒီတိုနေတာ ဆိုသည်မှာ ပေါက်ကွဲစေတတ်သည့် ပစ္စည်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများတွင် စနက်တံအဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိကာ ဘက်ထရီနှင့်တွဲသုံးရသည်မျိုးရှိသလို မီးရှို့သုံးရသည်မျိုးလည်းရှိသည်။

ထိုသို့ ပေါက်ကွဲချိန်တွင် နေအိမ်အတွင်း မိသားစုဝင်ငါးဦးရှိနေရာက အသက် ၄၃ နှစ်နှင့် ၃၀ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦးတို့ ဒဏ်ရာအနည်းငယ်ရသွားပြီး အခြားနှစ်ဦးမှာ ထိခိုက်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

”ကလေးတွေ ကောက်လာပြီး လာစမ်းသပ်ရာကနေ ထပေါက်ကွဲတာလို့ကြားရတယ်။ ကစ်သီးမှာ ဝါယာကြိုးပါတယ်လေ။ အဲဟာကို ဘက်ထရီနဲ့ ဆက်သွယ်လိုက်လို့” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

လယ်သစ်ရွာနှင့်အနီးဝန်းကျင်ကျေးရွာများတွင် စစ်ကျန်ပစ္စည်းများနှင့် မိုင်းများရှိနေသည့်အတွက် ပြည်သူများကို မိုင်းနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲများလုပ်လေ့ ရှိကြောင်း ဒေသခံအချို့က ပြောသည်။

”အခုပေါက်ကွဲတာ ကစ်(ဒီတိုနေတာ) မို့ တော်သေးတယ်။ မိုင်းဆိုရင်မလွယ်ဘူး။ အသက်ပါဆုံးရှုံးရနိုင်တယ်။ ပြည်သူတွေကို ထပ်မေတ္တာရပ်ခံချင်တာက ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေတွေ့ရှိရင် သက်ဆိုင်ရာအဖွဲ့အစည်းထံ အကြောင်းကြားပေး ကြပါလို့”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တစ်ဦးက ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲများကာလကြာရှည် ပြင်းထန်နေပြီး အရပ်သားထိခိုက်မှုများလည်း ခပ်စိပ်စိပ်ရှိနေသည်။