BREAKING
April 21, 2025

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင် ရှင်ဆံတော်ဘုရားပွဲ ပြန်ကျင်းပ

March 12, 2025

ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ရှင်ကိုးရှင် စာရင်းဝင် ရှင်ဆံတော်(ခ)ဆံတော်ရှင် ဘုရား၏ တပေါင်းလ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဇာတ်ပွဲထည့်သွင်း၍ ပြန်လည်ကျင်းပနေကြောင်း ဘုရားဂေါပကအဖွဲ့ထံကသိရသည်။

ကိုဗစ်ကပ်ရောဂါကာလနှင့် အာဏာသိမ်းမှု ကာလအတွင်း ရှင်ဆံတော်ဘုရားပွဲကို ဇာတ်ပွဲထည့်သွင်း ကျင်းပခြင်းမရှိဘဲ ဘုရားအနေကဇာတင်ပွဲနှင့် ငွေဆွမ်းလောင်းပွဲသာ နှစ်စဥ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဇာတ်ပွဲထည့်သွင်းကာ ကျင်းပခြင်းဖြစ်သည်။

“အစဥ်အလာတစ်ခုကို ပြန်လည်ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့ခံတွေရဲ့ တောင်းဆိုတဲ့ ဆန္ဒအရ ယခုနှစ်မှာ ညတစ်ဝက်(ည၁၂နာရီအထိ) ဇာတ်ပွဲထည့်ပြီး ပြန်ကျင်းပတာပါ ” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဘုရားပွဲကို တပေါင်းလဆန်း ၁၃ ရက်မှ တပေါင်းလပြည့်နေ့အထိ(မတ်လ ၁၁ ရက် မှ ၁၃ ရက်အထိ) သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး တပေါင်းလပြည့် နံနက်တွင် သံဃာအပါးငါးဆယ်ဖြင့် ဘုရားအနေကဇာတင်ခြင်း ၊ သစ်သီးဆွမ်းကပ်ခြင်း နှင့် ငွေဆွမ်းလောင်းခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ညစဥ် ၆ နာရီတွင် ဂိတ်ပိတ်လေ့ရှိသည့် ကလိန်အောင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဘုရားပွဲတော်ရက်အတွင်း ည ၁၂ နာရီအထိ ဖွင့်ပေးထားကြောင်း မြို့ခံများထံမှသိရသည်။

” ပွဲတော်က မြို့ခံတွေလောက်ပဲလာကြတယ်။ အနီးအနားကရွာတွေတောင် သိပ်မလာကြဘူး။ လုံခြုံရေး ကတော့ ယူနီဖောင်းနဲ့မတွေ့ဘူး။ အရပ်ဝတ်နဲ့ တော့ စောင့်နေတာမျိုးရှိတယ် “ ဟု ဘုရားပွဲသွားခဲ့သည့် မြို့ခံတစ်ဦး ကပြောသည်။

ဘုရားပွဲစျေးတွင် အန်ဂလုံဝိုင်းများလည်း ပါဝင်နေကြောင်း ၎င်းကပြောဆိုသည် ။

အန်ဂလုံဝိုင်းများ ပါဝင်နေမှုနှင့် ပတ်သက်၍ ဘုရားဂေါပကအဖွဲ့အား မေးမြန်းရာ ပွဲတော်ကျင်းပရေးကော်မတီအနေဖြင့် လောင်းကစားဝိုင်း ခွင့်ပြုထားခြင်းမရှိဘဲ ဘုရားပွဲတွင် အပျော်တမ်းအဖြစ် အန်ဂလုံဝိုင်းများ လာရောက်နေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

တပို့တွဲလ၊တပေါင်းလများတွင် ကျင်းပလေ့ရှိသည့် ထားဝယ်ဒေသရှိ ရှင်ကိုးရှင် ဘုရားများ၏ ဘုရားပွဲများအပြင် အခြားထင်ရှားသည့် ရှင်သာလျောင်း ၊ နဘုလယ် ခြေတော်ရာဘုရားများ ၏ဘုရားပွဲများလည်း ကိုဗစ်ကပ်ရောဂါကာလ နှင့် အာဏာသိမ်းမှုဖြစ်စဥ်ပြီးနောက် ကျင်းပနိုင်ခြင်းမရှိတော့ပေ။

ယင်းအပြင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည့် လောင်းလုံးမြို့နယ်နှင့်ထားဝယ်မြို့နယ် ရှိ ရှင်ကိုးရှင် စာရင်းဝင်ဘုရားအချို့ တွင်မူ ဘုရားဖူးလာရောက်သူ မရှိသလောက်နည်းပါးနေကြောင်း ယင်းဘုရားများတည်ရှိသည့် ဒေသများမှ ဒေသခံများထံကသိရသည် ။