ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့ စာချုပ်ချုပ်ဆိုပြီးနောက် တနင်္သာရီတိုင်း စစ်ကောင်စီဘက်ကလည် ယင်းစီမံကိန်းအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေသည်။
ထားဝယ်မြို့ရှိ စစ်ကောင်စီတိုင်းအစိုးရအဖွဲ့ရုံးတွင် မတ်လ ၁၁ရက်က အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ကြိမ် စလုံးတွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ကြိုတင်ပြင်ဆင်ထားရမည့်ကိစ္စရပ်များကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ညွှန်ကြားခဲ့သည်။
ထိုနေ့က ကျင်းပသည့် ပထမ အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည်။
ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်လည်ပတ်လာပါက ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်း စသည်တို့နှင့် ဆက်စပ်ပတ်သက်သည့် အုပ်ချုပ်ရေးကိစ္စများ အများအပြားထွက်ပေါ်လာမည်ဖြစ်ပြီး ထိုအုပ်ချုပ်ရေး ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားရန် ဦးမြတ်ကိုက ၎င်းလက်အောက်ရှိ ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သည်။
အထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့လည်း များပြားလာနိုင်ကြောင်း ဦးမြတ်ကို ထိုအစည်းအဝေးတွင်ပြောဆိုခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဒုတိယ အစည်းအဝေးမှာ ခရီးသွားလုပ်ငန်းဆိုင်ရာအစည်းအဝေးဖြစ်သည်။
မကြာခင်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများ ဝင်ရောက်မှု များပြား လာမည်ဖြစ်သောကြောင့် ဟိုတယ်နှင့် တည်ခိုခန်းများ နိုင်ငံတာကာအဆင့်မီအောင် ယခုကတည်းက ကြိုတင်ပြင်ဆင် ထားရန် ညွှန်ကြားခဲ့သည်။
တနင်္သာရီတိုင်းအခြေစိုက် အရပ်ဖက်နှင့် နိုင်ငံရေးအဖွဲ့အစည်း စုစုပေါင်း ၁၁ ဖွဲ့ကမူ စစ်ကောင်စီနှင့် ရုရုားနိုင်ငံတို့ ပူးပေါင်း လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်က ပူးပေါင်းထုတ်ပြန် ထားသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနိုင်ငံနှင့်ပေါင်းပြီး အကောင်အထည်ဖော်ရန် ပြန်လည်ကြိုးစားလာခြင်းအပေါ် ထိုဧရိယာထဲရှိ ဒေသခံတို့ကြားတွင်လည်း စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
“ရေနက်ဆိပ်ကမ်း လုပ်တော့မယ်ဆိုရင် နယ်မြေရှင်းလင်းတာတွေ၊ စစ်ကြောင်းထိုးတာတွေလုပ်လာတော့မယ်။ ပထမဆုံး က အဲဒီဟာကို တော်တော်စိတ်ပူနေကြတယ်” ဟု ပရဒပ်ရွာသူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာနှင့်ကပ်လျက် ရလိုင်ရွာသားတစ်ဦးကလည်း အထူးစီးပွားရေးဇုန် အကြောင်းပြုပြီး စစ်ကြောင်းထိုးမှုများ ဖြစ်ပွားလာနိုင်သဖြင့် နေရပ်စွန့်ခွာထွက်ပြေးရမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။
“အခုကတော့ စစ်ကြောင်းထိုးရင် ပြေးလိုက်။ စစ်ကြောင်းပြန်ထွက်ရင် ကိုယ့်ရွာကိုယ်ပြန် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး နေလို့ရသေးတယ်။ ရေနက်ဆိပ်ကမ်းဖြစ်လာရင်တော့ နယ်မြေရှင်းလင်းရေးတွေ လုပ်လာမှာဆိုတော့ ဒီဒေသက ရွာတွေ ဆက်နေဖို့ အဆင်ပြေမယ့်အနေအထားမရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီဘက်ကမူ ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ကြိုတင်ပြင်ဆင်မှုများအတွက် အစည်းအဝေးများ ယခုရက်ပိုင်းထဲ ဆက်တိုက်ပြုလုပ်နေသည်။
မတ်လ ၁၁ ရက်ကလည်း စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ပြီး အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ကျင်းပခဲ့သေးသည်။
စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုလည်း ထိုအစည်းအဝေးသို့ အွန်လိုင်းမှ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ထားဝယ်အထူးစီးပွားရေးဇုန်အတွက် မြန်မာ-ထိုင်း- ဂျပန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ထားသည့် SPV /Special Purpose Vehicle ကို ဖျက်သိမ်းရေးကိစ္စအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ကြိုတင်ပြင်ဆင်ထားရေးတို့ကို ဒုစစ်ခေါင်းဆောင်က မှာကြားခဲ့သေးသည်။