BREAKING
March 12, 2025

ထားဝယ်ဆေးရုံကြီးကို ညဘက်ဝင်ခွင့်ပိတ်၊ လူနာလာလျှင် ဖုန်းဆက်ဝင်ခွင့်တောင်းရမည့်အပေါ် မြို့ခံများဝေဖန်

March 12, 2025

ပုံစာ - ထားဝယ်ဆေးရုံကြီး။ ဓာတ်ပုံ - Dawei Watch

ထားဝယ်ပြည်သူ့ဆေးရုံကြီးကို ညဘက် ဝင်ခွင့်ပိတ်ထားပြီး ညဘက် ဆေးကုသရန် လူနာလာမည်ဆိုလျှင် ဖုန်းဆက်ပြီး ဝင်ခွင့်တောင်းရမည်ဖြစ်ကြောင်း ဆေးရုံဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။

ထားဝယ်ဆေးရုံကြီး၌ အဝင်အထွက်တံခါးပေါက် နှစ်ပေါက်ရှိရာတွင် အာဏာသိမ်းပြီးနောက် နေ့ည ၂၄ နာရီ ဖွင့်ထားသည့် သူနာပြုသင်တန်းကျောင်းဘက် ဝင်ပေါက်ကို မတ်လ ၉ ရက်က စပြီး ညဘက်ဝင်ခွင့် ပိတ်လိုက်ကြောင်း ၎င်းတို့က ပြောသည်။

ဆေးရုံတာဝန်ရှိသူတို့၏ ညွှန်ကြားချက်အရဟုဆိုကာ နံနက် ၅ နာရီမှ ည ၁၀ နာရီအထိသာ ဖွင့်ပေးတော့ကြောင်း ဆေးရုံ ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။

“ဆေးရုံကတော့ ညဘက်ပိတ်တာတော့ မဟုတ်ပါဘူး။ ညဘက် ၁၀ နာရီဆိုရင် တံခါးသော့ခတ်လိုက်တယ်။ တံခါးမှာ ဖုန်းနံပါတ်တွေ စာရွက်မှာ ရေးပြီး ချိတ်ပေးထားတယ်။ လူနာလာလို့ ဖုန်းဆက်ရင် သက်ဆိုင်ရာ တာဝန်ကျဝန်ထမ်းက လာဖွင့်ပေးပါလိမ့်မယ်” ဟု ဆေးရုံဝန်ထမ်းတစ်ဦးကပြောသည်။

ယင်းသို့ ပိတ်ရခြင်းမှာ ဆေးရုံအတွင်း သတ်မှတ်နေရာတွင် ထားရှိသည့် လူနာစောင့်များ၏ မော်တော်ဆိုင်ကယ်များ ညဘက်ပျောက်ဆုံးမှု ခပ်စိပ်စိပ်ဖြစ်လာသောကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၄ နာရီ ဖွင့်လှစ်ထားသည့် ထားဝယ်ဆေးရုံကြီး၏ ပင်မ အဓိကဝင်ပေါက်ကို အာဏာသိမ်းပြီးနောက်ပိုင်း နံနက် ၅ နာရီမှ ညနေ ၆နာရီအထိသာ အဝင်အထွက်ခွင့်ပြုတော့သည်။

ထို့ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ အရေးပေါ်လူနာများ ဆေးကုသရန်နှင့် အရေးပေါ်လူနာတင်ယာဉ်များ ညဘက် လူနာ သယ်ဆောင်လာလျှင်အနောက်ဘက်ဝင်ပေါက်မှသာ ဝင်ရောက်ခဲ့ကြရသည်။

ယင်းသို့ အခြေအနေတွင် အနောက်ဘက် ဝင်ပေါက်ကိုပါ ညဘက် ဝင်ခွင့် ပိတ်ခြင်းကြောင့် အရေးပေါ်လူနာများအတွက် အချိန်မီ ဆေးကုသခွင့်ရရန် နှောင့်နှေးစေသောကြောင့် လုံး၀မလုပ်သင့်ကြောင်း ထားဝယ်မြို့ခံများက ဝေဖန် ပြောဆိုကြသည်။

“အရေးပေါ်လူနာလာမယ် ကိုယ်ဝန်သည် ဗိုက်နာလို့လာမယ် တံခါးမှာ ဒီအတိုင်းစောင့်နေရမှာလား။ ဖုန်းဆက်လို့ မဝင်တာတို့ ဖုန်းလိုင်းကျနေတာတို့ ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ။ အချိန်စောနိုင်သမျှ စောပြီး ဆေးကုသခံယူရမဲယ့် လူနာတွေအတွက်ဆိုရင် ဘယ်လိုလုပ်မှာလဲ။ ဒါမျိုးက လုံး၀မလုပ်သင့် မဖြစ်သင့်တဲ့ အရာ။ ထားဝယ်မှာ ဒါမျိုးတစ်ခါမှလည်း မကြားဖူးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ထားဝယ်မြို့တွင် မတ်လ ၁ ရက်ကစပြီး စစ်ကောင်စီက ပုဂ္ဂလိက ဆေးရုံသုံးရုံကို ဆေးကုသခွင့် ပိတ်လိုက်ခြင်းကြောင့် ထားဝယ်ပြည်သူ့ဆေရုံကြီး၊စစ်ဆေးရုံနှင့် ကျန်ပုဂ္ဂလိက ဆေးရုံ နှစ်ရုံတွင် လူနာများ ပုံမှန်ထက်များနေချိန် ယခုလို့ ဆေးရုံ ညဘက် ဝင်ခွင့်ပိတ်ထားခြင်းမှာ လုံး၀မလုပ်သင့်ကြောင်းလည်း ထားဝယ်မြို့ခံများက ပြောဆိုကြသည်။