BREAKING
March 12, 2025

မြိတ်မြို့တွင် တစ်ညတည်း ဆိုင်ကယ်တိုက်မှုသုံးကြိမ်ဖြစ်ပြီး အမျိုးသားလေးဦးဒဏ်ရာရ

March 12, 2025

ပုံစာ - မတ်လ ၁၁ ရက်ညက ဖြစ်ပွားသည့် ယာဥ်တိုက်မှုတွင် ဒဏ်ရာရသူအား ကူညီဆောင်ရွက်ပေးနေစဥ်။ ဓာတ်ပုံ - ချမ်းမြေ့ ။

မြိတ်မြို့၊ ကမ်းနားလမ်းနှင့် ထားဝယ်ကမ်းရပ်တွင် မတ်လ ၁၁ရက် ညပိုင်းက ဆိုင်ကယ်တိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားလေးဦး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကမ်းနားလမ်းတွင် ည ၉ နာရီဝန်းကျင်၌ ဆိုင်ကယ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကြောင်း ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ညနေ ၆ နာရီဝန်းကျင်တွင်လည်း မြိတ်မြို့ ထားဝယ်ကမ်းရပ် မီးပွိုင့်တွင် ဆိုင်ကယ်တိုက်မှုတစ်ခုဖြစ်ခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကာ မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသေးကြောင်း ၎င်းက ဆိုသည်။

မြိတ်မြို့တွင် ယခုမတ်လဆန်းတွင် ယာဥ်တိုက်မှု အဖြစ်များလာပြီး ယာဥ်တိုက်မှု အများစုသည် ကမ်းနားလမ်းတွင် ဖြစ်ကာ ညဘက်တွင်အဖြစ်များလေ့ရှိကြောင်း မြိတ်မြို့အခြေစိုက် လူနာတင်ယာဥ်မောင်းသူတစ်ဦးက ပြောဆိုသည်။

“ကမ်းနားလမ်းမှာက ညဘက်ဆို ဘီယာဆိုင်ကပြန်၊ ဘားက ပြန်သူတွေများတယ်။ ဖြစ်လိုက်ရင် အဲဒီကပြန်လာသူတွေက သူများကို သွားတိုက်မိတာရှိတယ်။ သူတို့ဟာ သူတို့မှောက်တာရှိတယ်။ ကားနဲ့တိုက်တာလည်းရှိတယ်။ တစ်ခါတလေဆို ဆိုင်ကယ်အရှိန်ကြမ်းလို့ လူနာတင်ယာဥ်ကတောင် ပြန်ရှောင်ပေးရတာမျိုးအထိရှိတယ်” ဟု ၎င်းက ပြောသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒီဇင်ဘာလက နေ့တိုင်းနီးပါး ယာဥ်တိုက်မှုဖြစ်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလတွင် ယာဥ်တိုက်မှု အကြိမ်ရေ ပြန်လျော့ခဲ့ကြောင်း မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

ဖေဖော်ဝါရီနှင့် မတ်လတို့တွင်မူ ယာဥ်တိုက်မှုအကြိမ်ရေ ပြန်များလာကြောင်း အဆိုပါအသင်းများထံမှ သိရသည်။