တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာက စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သလို ဒရုန်းဖြင့်လည်း ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁၀ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်း က ၁၂၀ မမ လက်နက်ကြီးဖြင့် ခြောက်လုံးပစ်ခတ်ခဲ့ကြောင်း အနောက်မော်တုန်းရွာနေ ဒေသခံများက ပြောသည်။
ထို့အပြင် ညနေ ၄နာရီခွဲဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က အနောက်မော်တုန်းကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာက အရပ်သားအများစုရှိတဲ့နေရာတွေကို ကျတာ။ တော်သေးတာက ရှောင်ဖို့ အချိန်ရလိုက်ပြီး ကပ်သီလေးလွဲသွားလို့။ မဟုတ်ရင် ရွာကသူတွေ တော်တော်များများ ထိခိုက်ကြမှာ” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အချိန်နှင့် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်သည့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို တော်လှန်ရေးတပ်ဖွဲ့များလည်း မရှိကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ ကျည်စထိမှန်ပျက်စီးသွားပြီး မွေးမြူထားသည့် နွားတစ်ကောင်နှင့် ဆိတ်တစ်ကောင် သေဆုံးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
အမှတ် ၃၀၆ အမြောက်တပ်ရင်းနှင့် အနောက်မော်တုန်းရွာမှာ ၂မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုများလည်း မကြာခဏလုပ်ဆောင်လေ့ရှိသည်။