မြိတ်မြို့နယ် ကြေးနန်းတိုင်တံတားစစ်ကောင်စီတပ် စစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ကားသမားနှစ်ဦးကို သီတင်းပတ် တစ်ပတ်နီးပါးအကြာ မတ်လ ၁၂ ရက်အထိ အဆက်အသွယ် မရသေးကြောင်း ကားသမားများ၊ နီးစပ်သူများနှင့် ဒေသခံအချို့ထံမှ သိရသည်။
မတ်လ ၇ ရက်က အဆိုပါဂိတ်တွင် ကုန်ကားတစ်စီးကို စစ်ဆေးပြီးနောက် ကုန်ကားမောင်သူနှင့် ကားနောက်လိုက်တို့ကို ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူအချို့က ပြောသည်။
အဆိုပါကုန်ကားမှာ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် မော်တုန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများကို ကုန်စည် ပို့ဆောင်နေသည့် ကားဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။
မတ်လ ၇ရက်တွင် မြိတ်မြို့ဘက်မှ မော်တုန်းရွာဘက်သို့သွားချိန် ကြေးနန်းတိုင်တံတားစစ်ဆေးဂိတ်တွင် အသက် ၅၀ နှစ်အရွယ် ကုန်ကားမောင်းသူနှင့် ၂၆ နှစ်အရွယ် ကားနောက်လိုက်တို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
”ကုန်ကားဆိုတော့ အစုံတင်တာပေါ့။ စကစဘက်က တင်သွင်းခွင့်ပိတ်ထားတဲ့ ပစ္စည်းတစ်ခုခု ကားမှာပါလာလို့ ဖမ်းခံရတယ်ထင်တယ်။ သူ့မိသားစုတွေလည်း လိုက်သွားသေးတယ်။ တွေ့ခွင့်မပေးလို့ ပြန်လာရတာ အခုချိန်အထိလည်း အဆက်အသွယ်မရသေးဘူး” ဟု အဖမ်းခံရသူနှင့် ဆွေမျိုးတော်စပ်သည့် မော်တုန်းရွာသားတစ်ဦးက ပြောသည်။
ကုန်ကားနှင့်အတူ ကားသမားနှစ်ဦးကို မြိတ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရကြောင်း ကားသမားများနှင့် နီးစပ်သူအချို့က ဆိုသည်။
မြိတ်မြို့မှ တနင်္သာရီမြို့နယ်ဘက်သို့ သွားသည့် ကုန်ကားများသည် ကြေးနန်းတိုင်တံတားရှိ စစ်ကောင်စီတပ် စစ်ဆေးဂိတ်ရောက်လျှင် ပစ္စည်းဘောင်ချာပြရပြီး ၎င်းတို့မသင်္ကာသည့် ပစ္စည်းအထုပ်များကို ဖွင့်ဖောက်စစ်လေ့ရှိကြောင်း အဆိုပါလမ်းပိုင်းတွင် ကုန်ကားမောင်းနေသူတစ်ဦးက ပြောဆိုသည်။
တနင်္သာရီမြို့နယ်ရှိ မော်တုန်း၊ လယ်သစ်၊ ပဝ၊ သရဖုံ၊ တကူ၊ သိန္ဓောရွာ စသည့် ကျေးရွာများကို ဆန်၊ ဆေးဝါး၊ သံချောင်း၊ မီးသီး၊ ဘော်စေ့၊ ကော်ရေပိုက်လုံး စသည့် ကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားသည်မှာ နှစ်ချီကြာလာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။