ထားဝယ်မြစ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စက်လှေတစ်စီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် ဘက်က ထားဝယ်မြစ်ကမ်းနားတစ်လျှောက်ကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရွာ ဆိပ်ကမ်းဘက်သို့ ထားဝယ်မြစ်အတိုင်းဆင်းလာသော အဆိုပါ စက်လှေကို ထားဝယ်ခရိုင်တပ်ပေါင်းစုက မတ်လ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
တပ်ပေါင်းစုဘက်က ပစ်ခတ်သည့် RPG ထိမှန်ပြီး စက်လှေမီးလောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“အဲဒီမှာသူတို့ (စစ်ကောင်စီတပ်က) ထိခိုက်ဒဏ်ရာရမှုက သိရသလောက်ကတော့ ၂၀ လောက်တော့ သေတယ်။ ဒဏ်ရာ ရတာကတော့ အနည်းဆုံး ၃၀ ဝန်းကျင်လောက်ရှိမယ်” ဟု တပ်ပေါင်းစုထဲတွင်ပါဝင်သော လောင်းလုံး ပကဖ၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။
ယင်းသို့တိုက်ခိုက်ခံရပြီးနောက် သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်အချို့မှာ ထားဝယ်မြစ်ကမ်းဘေး၊ ရေလယ်ကျွန်းတို့အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အချို့မှာ ထားဝယ်မြစ်ထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆိုသည်။
နောက်တစ်ရက် မတ်လ ၁၁ ရက် ည ၁၀ နာရီအချိန်တွင်လည်း သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ထားဝယ်မြစ်ကမ်းဘေး လောင်းလုံးမြို့နယ်ဘက်ခြမ်းရှိ ကညုံကျွန်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်နက်ကြီးကျည် အနည်းဆုံးငါးလုံးပစ်ခတ်ခဲ့သည့်အနက် သုံးလုံးမှာ ကညုံကျွန်းရွာထဲတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
ကညုံကျွန်းရွာ ကမ်းနားဆိပ် (ဒေသအခေါ် စပါးဒိုင်ဆိပ်) အနီးတွင် နှစ်လုံး၊ သင်္ချိုင်းကုန်းအနီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တစ်လုံးကတော့ အိမ်တွေနားကို ကပ်ပြီးလာကျတာ။ တော်သေးတာပေါ့ လူတွေမထိလို့” ဟု ဒေသခံတစ်ဦးက ပြောသည်။
လူနှင့် နေအိမ်များထိခိုက်မှုမရှိသော်လည်း ရွာသားများမှာ ရွာတွင်မနေရဲတော့သဖြင့် ရွာလုံးကျွတ်နီးပါး ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံကမူ မတ်လ ၁၀ ရက်ညက ထိခိုက်ဒဏ်ရာရသူများကို သယ်ဆောင်ပြီး သရက်ချောင်းဘက်မှ ထားဝယ်မြို့ဘက်သို့ ထားဝယ်မြစ်အတိုင်း စစ်ကောင်စီစက်လှေတစ်စီး တက်လာသဖြင့် ကညုံကျွန်းရွာကို လက်နက်ကြီးဖြင့် ကြိုတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“သူတို့ (စစ်ကောင်စီတပ်) စက်လှေက သရက်ချောင်းကနေ ထားဝယ်တက်ဖို့ရှိတဲ့အခါကျတော့ ကမ်းနားပတ်ပတ်လည်ကို ကြိုပြီး (လက်နက်ကြီးနဲ့) လိုက်ထုပြီးမှတက်တာ” ဟု ကိုရှဲဒိုးက ပြောသည်။
စစ်လှေ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကလည်း ကညုံကျွန်းရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်သည် ထားဝယ်မြစ်ကိုအသုံးပြုပြီး သွားလာနေချိန် မြစ်ကမ်းနားတစ်လျှောက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိသောကြောင့် အဆိုပါကမ်းနားရှိ ကျေးရွာများ ပိုမိုသတိထားနေထိုင်ကြရန် ကိုရှဲဒိုးက သတိပေးပြောဆိုသည်။