ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီတစ်ခုမှ မြေယာလျှောက်ထားမှုကို ဒေသခံများ က ကန့်ကွက်ခဲ့ကြသည်။
ဆီအုန်းစိုက်သည့် MSPP ကုမ္ပဏီ ဦးအောင်အောင်ဖြိုး၏ အမည်ဖြင့် တနင်္သာရီမြို့နယ်၊ သရဘွင်ကျေးရွာ အုပ်စုနှင့် ကော့မပြင်းကျေးရွာအုပ်စု အတွင်းရှိ မြေယာဧက တစ်သောင်းအား မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတွင် လျှောက်ထားခဲ့သည်။
လျှောက်ထားသည့် မြေယာအတွင်း ဒေသခံ ၄၃ ဦးမှ လုပ်ကိုင်စားသောက်နေ သည့် ဥယျာဉ်ခြံမြေ ဧက ၈၀ဝ ကျော် ပါဝင်နေသည့်အတွက် ဒေသခံများမှ ကန့်ကွက်စာတင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကန့်ကွက်လာခြင်းကြောင့် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကုမ္ပဏီတာဝန်ရှိသူနှင့် ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ ကို ခေါ်ယူ၍ တွေ့ဆုံညှိနှိုင်းပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ သည်။
ယင်းတွေ့ဆုံပွဲအတွင်း နှစ်ဘက် အသံများအား ကြားနာခဲ့ပြီး ရရှိသည့် အချက်အလက်နှင့် သဘောထားမှတ် ချက်များအား တိုင်းဒေသကြီး အစိုးရသို့ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ သိရသည်။
“ပွင့်လင်းမြင်သာမှုနှင့် ဒေသခံ တွေရဲ့ သဘောထားတွေကို တောင်းခံ ပြီးမှ ကုမ္ပဏီအနေနဲ့ ရှေ့ဆက်လုပ်သင့်တယ်” ဟု တနင်္သာရီ ခိုင်မြဲသစ္စာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ စောအဲဖရက်က ပြောသည်။
Myanmar Stark Prestige Plantation (MSPP) ကုမ္ပဏီသည် ၂၀၁၁ တွင် တနင်္သာရီတိုင်းအတွင်းသို့ ဝင်ရောက်လာပြီး ဆီအုန်းစိုက်ခင်းအတွက် မြေဧက ၃၈၀ဝ၀ ကို မြန်မာ့ရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
လုပ်ပိုင်ခွင့်ရသည့် ဧက ၃၈၀ဝ၀ အတွင်း ကျေးရွာငါးရွာ၏ နယ်နိမိတ်များ ပါဝင်ခဲ့ပြီး ဒေသခံတောင်သူများ၏ ဥယျာဉ်ခြံမြေ များလည်း ပါဝင်ခဲ့သည့် အတွက် နစ်နာမှုများ ရှိခဲ့ရကြောင်း ဒေသခံတောင်သူများက ဆိုသည်။
ယင်းနောက် ယင်းကုမ္ပဏီအနေဖြင့် သတ်မှတ်ထားသည့်အချိန်အတွင်း လုပ် ငန်းပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ဧက ၁၉၀ဝ၀ ကို အစိုးရအား ပြန်လည်အပ်နှံခဲ့ရပြီး ယခု ၂၀၂၀ ခုနှစ် တွင် ဧက တစ်သောင်းပြန်လုပ်ခွင့် ရရေး ကြိုးပမ်းလာခြင်း ဖြစ်သည်။
“ကျွန်တော်တို့ကလည်း မြေလွတ် မြေလပ်မြေရိုင်းဥပဒေအရ လျှောက်တယ်။ ဒီဘက်ကလည်း ကန့်ကွက်လာတယ် ဆိုတော့ မြေလွတ်မြေလပ် စီမံခန့်ခွဲရေး ဥပဒေအရ သီးခြားမြေစစ်အဖွဲ့နဲ့ လာစစ် ပြီးတော့မှ အဖြေဆုံးဖြတ်ချက်ကို ထုတ် ပေးနိုင်မှာပါ” ဟု MSPP ကုမ္ပဏီမန်နေဂျာ ဦးအောင်အောင်ဖြိုးက ပြောသည်။
ကုမ္ပဏီအနေဖြင့် ၂၀၁၆ ခုနှစ်မှ စပြီး ယခုအချိန်ထိ ဒေသခံ ဥယျာဉ်ခြံမြေ ဧက ၄၉၀ဝ ကို တစ်ဧကလျှင် ငွေ တစ်သိန်းနှုန်း ဖြင့် ငွေကျပ်သိန်း ၃၆၀ဝ ကျော်ပေးခဲ့ပြီး ဖြစ်သော်လည်း ဒေသခံ တစ်ချို့ကမူ ယင်းနစ်နာကြေးများကို ရယူခဲ့ခြင်း မရှိဘဲ ဥယျာဉ်ခြံမြေပြန်လုပ် စားခွင့်ရရေး မျှော်လင့်နေကြသည်။
“တစ်ဧက ၆ သောင်းပေးပြီး တောခုတ် ထားရတာ သီးနှံပင်တွေလည်း ရှိတယ်။ နစ်နာကြေးမလိုဘူး။ အလုပ်လုပ်စားဖို့ မြေပဲ ပြန်လိုတယ်” ဟု ဘော့ဆနွင်းကျေးရွာ နေ တောင်သူ ဒေါ်မိသန်းက ပြောသည်။
ကိုဆန်း