BREAKING
February 22, 2025

ထိုင်းတွင် ဗီဇာသက်တမ်းကုန်သည့် မြန်မာများ၏ True Money အကောင့် ယာယီအပိတ်ခံရမည်

February 12, 2025

ပုံစာ - Lotus ထဲတွင် တွေ့ရသော true money ကောင်တာတစ်ခု (true money)

ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီလ ၁၃ရက်တွင် နေထိုင်ခွင့်ဗီဇာသက်တမ်းကုန်ဆုံးမည့် မြန်မာများ၏ True Money အကောင့် များကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း True Money ၏ ဝန်ထမ်းတစ်ဦးက ပြောသည်။

၂၀၂၂နှင့် ၂၀၂၃ ခုနှစ်တွင် ထိုင်းအစိုးရက ထုတ်ပေးသည့် ပန်းရောင်ဘတ်ဟုခေါ်သည့် ယာယီနေထိုင် အလုပ်လုပ်ခွင့်ကတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ၏ ဗီဇာသက်တမ်းမှာ မနက်ဖြန် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။

အဆိုပါမြန်မာနိုင်ငံသားများကို ထိုင်းအစိုးရက အချိန်မီ ဗီဇာမတိုးပေးဘဲ နေထိုင်ခွင့် ၆ လ သက်တမ်းသာ ထပ်တိုး ပေးထား သည်။ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် ပြောင်းလဲလုပ်ဆောင်မည်ဖြစ်ရာ အချိန် မလုံလောက် သဖြင့် ဗီဇာ အချိန်မီ သက်တမ်းတိုး မပေးနိုင်သေးကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

True Money အကောင့်ဖွင့်ရာတွင် ဗီဇာသက်တမ်းအတိုင်းသာ ခွင့်ပြုထားခြင်းဖြစ်ပြီး ဗီဇာသက်တမ်းကုန်ဆုံးသွားပါက အကောင့်ကို ယာယီပိတ်သိမ်သွားမည်ဖြစ်ကြောင်း True Money ၏ ဝန်ထမ်းက ဆိုသည်။

True Money ကုမ္ပဏီ၏ ဖုန်းကို Dawei Watch က ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဆက်သွယ်မေးမြန်းရာ ဝန်ထမ်းတစ်ဦးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဗီဇာကုန်သွားရင်တော့ အကောင့်တွေ ယာယီအပိတ်ထားခံရမှာပါ။ (ဗီဇာသက်တမ်းတိုပြီး True Money ကုမ္ပဏီမှာ) အချက်အလက် အသစ်ပြန်တင်မှသာ အကောင့်ကို ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အကယ်၍ True Money အကောင့်ထဲတွင် ငွေလက်ကျန်ရှိနေပါက ဗီဇာမကုန်ခင် ထုတ်ယူထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဗီဇာကုန်သွားသဖြင့် ယာယီပိတ်ထားခံရသော အကောင့်များတွင် ငွေလက်ကျန်ရှိနေသေးပါက ပြန်လည်လျှောက်ထားပြီး အကောင့်ပြန်ဖွင့်ချိန်တွင်နဂိုငွေလက်ကျန်အတိုင်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း အထက်ပါဝန်ထမ်းက ဆိုသည်။

သို့သော်လည်း အကောင့်ပိတ်ထားခံရချိန်တွင် ငွေလက်ကျန် ထုတ်ယူ၍ မရနိုင်ကြောင်း ၎င်းက ပြောသည်။