BREAKING
April 19, 2025

ခရီးသွားကဏ္ဍ မြှင့်တင်ရန် အရက်ရောင်းချိန်များ ပြန်သုံးသပ်ဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

February 12, 2025

ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေး အရက်ရောင်းချသောအချိန်များကို ပြန်သုံးသပ်ရန် ဝန်ကြီးချုပ် ပေထုပ်တန်ရှင်နာဝပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ညွှန်ကြားလိုက်သည်။

ထိုင်းလုပ်ငန်းရှင်များက ခရီးသွားကဏ္ဍ တိုးတက်လာရေး စည်းမျဉ်းတစ်ချို့ကို ဖြေလျှော့ပေးရန် တောင်းဆိုလာရာမှ ဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ပေးရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောသည်။

ထိုင်းနိုင်ငံတွင် နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီအထိ၊ ညနေ ၅ နာရီမှ ည ၁၂ နာရီအထိသာ အရက်ရောင်းချခွင့် ပေးထားခြင်းဖြစ်သည်။

ယင်းကြောင့် နေ့လယ်ပိုင်းအရက်ရောင်းခွင့် မရှိသောအချိန်ဖြစ်သည့် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီကြားကို အရက်ရောင်းခွင့်ပြုရေး ပြန်လည်သုံးသပ်ပေးရန် ဝန်ကြီးချုပ်က ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ အရက်ရောင်းချချိန်များကို အရက်ဥပဒေအရ ကန့်သတ်ထားခြင်းမရှိပဲ လွန်ခဲ့သော ၁၉၇၂ ခုနှစ်က စစ်အာဏာသိမ်းခေါင်းဆောင် Thanom Kittikachorn က အမိန့်ထုတ်ထားခြင်းဖြစ်ပြီး ယင်းအမိန့်ကို လက်ရှိအချိန်ထိ ဘယ်အစိုးရမှ ပြင်ဆင်ဖျက်သိမ်းခြင်းမရှိသေးပေ။

ထိုင်းလုပ်ငန်းရှင်များက ခေတ်ဟောင်းနေပြီဖြစ်သော ယင်းအမိန့်ကို ပြင်ဆင်ပေးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

လုပ်ငန်းရှင်များ၏ တောင်းဆိုချက်ကို အပတ်စဉ်အစည်းအဝေးတွင် ဝန်ကြီးချုပ်က ဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်း အရက်ရောင်းချခွင့် ကန့်သတ်ချက်နှင့် ဗုဒ္ဓနေ့ (လပြည့်နေ့) အရက်ရောင်းချခွင့် မရှိသည့် ကန့်သတ်ချက်များကို လေ့လာဆန်းစစ်ရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။

နိုင်ငံခြားသားများက အရက်ရောင်းချခွင့် ပိတ်ထားသော ဘာသာရေးနေ့နှင့် အခြားအချိန်များကို သတိမထားမိကြောင်း ယင်းအချက်က ထိုင်းခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

Ref: Bangkok Post, Thai PBS