အရပ်ဖက်ရေးရာကိစ္စများကို ကိုင်တွယ်ဆောင်ရွက်မှု လျှော့ချပြီး စစ်ရေးကိုသာ ဦးစားပေးဆောင်ရွက်တော့မည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။
အရပ်ဖက်တွင်ဖြစ်ပွားနေသည့် အရေးကိစ္စအားလုံးနီးပါးတွင် ပကဖအနေဖြင့် ပါဝင်ဆောင်ရွက်တော့မည်မဟုတ်ဘဲ စစ်ရေးကိစ္စတစ်ခုကိုသာ ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အထက်ပါကိစ္စကို လောင်းလုံး ပကဖ လက်အောက်ရှိ တပ်ဖွဲ့အသီးသီး၏ တာဝန်ခံများထံ အကြောင်းကြားအသိပေးထားပြီးဖြစ်ကြောင်း ရဲဘော်ရှဲဒိုးက ပြောဆိုသည်။
“အဓိက ကတော့ အရပ်ဖက်ကိစ္စတွေက ပြောစရာများတယ်။ အရပ်ဖက်ကိစ္စတွေဟာ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) က လုပ်ရမယ့်ကိစ္စတွေမျိုး။ ကျွန်တော်တို့အနေနဲ့က ဝင်ထမ်းပေးတဲ့သဘောပဲရှိတာ။ ဖြစ်လာရင် ကျွန်တော်တို့ (ပကဖအဖွဲ့) ကိုပဲ ပြည်သူတွေက အထင်လွဲ၊ အမြင်လွဲဖြစ်ကြတယ်။ အဲဒါကြောင့် ဒီလို (အရပ်ဖက်ကိစ္စတွေကို) ကျွန်တော်တို့ရှောင်မယ်။ ကျွန်တော်တို့ စစ်ရေးကိစ္စတစ်ခုတည်းကိုပဲ ဆက်သွားတော့မယ်” ဟု ၎င်းက ပြောသည်။
အရပ်ဖက်အမှုအခင်းကိစ္စများကို လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်ကိုင်တွယ်ဖြေရှင်းသည့်အပေါ် လက်ခံသူများရှိသလို လက်မခံသူများလည်းရှိပြီး လက်မခံသည့်အုပ်စုက ပကဖတပ်ဖွဲ့အပေါ် အမျိုးမျိုးဝေဖန်ကြကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝန်ကြီးဌာနတစ်ခုခု သို့မဟုတ် အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုခုက တာဝန်ယူ၊ တာဝန်ခံမှုတိတိကျကျဖြင့် ညွှန်ကြားလာမှသာလျှင် အရပ်ဖက်ကိစ္စများတွင် ပါဝင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ရဲဘော်ရှဲဒိုးက ပြောသည်။

အရပ်ဖက်အမှုအခင်းကိစ္စများတွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဝင်ရောက်ဆောင်ရွက်နေခြင်းမှာ ယခင်ကတည်းက ဆင်ခြင်ရမည့် ကိစ္စဖြစ်ပြီး ပကဖ အနေဖြင့် ယခုကဲ့သို့ အရပ်ဖက်ကိစ္စများတွင် ပါဝင်မှုကို လျှော့ချမည်ဟု ပြောဆိုချက် အပေါ် လက်ခံကြိုဆိုရမည်ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
“ဘာပဲပြောပြောပေါ့ဗျာ ရွာထဲ၊ အရပ်ထဲက ကိစ္စတွေမှာ သေနတ်ကြီး တကားကားနဲ့ လိုက်ပါနေတဲ့ကိစ္စတစ်ခုတော့ လျော့သွားမှာပေါ့။ တစ်ခုတော့ရှိတယ်၊ သူတို့ပြောတဲ့စကား သူတို့တည်ရဲ့လားဆိုတာကတော့ စောင့်ကြည့်ဖို့တော့ လိုသေးတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မြို့နယ်အတွင်းရှိ ခိုးဆိုးလုယက်မှု၊ လောင်းကစားဝိုင်း စသည့် အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး အချို့ကိစ္စများတွင် မကြာခဏ ဝေဖန်ခံရလေ့ရှိသည်။