ဘုတ်ပြင်းနှင့် လောင်းလုံးမြို့နယ်အပါအဝင် တိုင်းအတွင်းရှိဒေသအချို့တွင် ဓနိဖက်ဈေး နှစ်ဆခန့်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
တိုက်ပွဲများနှင့် နယ်မြေမအေးချမ်းမှုကြောင့် ဓနိဖက် (ခုတ်သူ) လုပ်ငန်းလုပ်သူ မရှိသလောက်နည်းပါးလာသည့်အတွက် ဈေးတက်လာခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ဓနိဖက်လုပ်သူများက ပြောသည်။
ယမန်နှစ် နှစ်လယ်က ဓနိဖက် (အချပ်ရေ) တစ်ထောင်လျှင် ကျပ် ခုနစ်သောင်းဝန်းကျင်သာဈေးရှိရာက လက်ရှိအချိန်တွင် ကျပ်တစ်သိန်းခွဲဝန်းကျင်အထိ ဈေးမြောက်နေကြောင်း လေညာကျေးရွာရှိ ဓနိဖက်လုပ်သူများက ဆိုသည်။
“ဈေးကောင်းပေမယ့် ဓနိဖက်လုပ်တဲ့သူတွေတော့ နည်းလာတယ်။ ရောင်းအားကတော့ အရင်အတိုင်းပါပဲ၊ မကျဘူး” ဟု ဘုတ်ပြင်းမြို့နယ်မှ ဓနိဖက်လုပ်ငန်းလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
လောင်းလုံးမြို့နယ်တွင် ယမန်နှစ်က ဓနိဖက်တစ်ထောင်လျှင် တစ်သိန်းသုံးသောင်းကျပ်နှင့် တစ်သိန်းငါးသောင်းကြား ဈေးရှိသော်လည်း ယခုနှစ်တွင် ကျပ်နှစ်သိန်းအထိ ပေးဝယ်နေရကြောင်း ဒေသခံများက ပြောသည်။
ယခုနှစ်တွင် ဓနိဖက်တစ်ထောင်လျှင် ကျပ်ငါးသောင်းဝန်းကျင်ဈေးတက်ကြောင်း ဒေသခံများက ဆိုသည်။
လောင်းလုံးမြို့နယ်ထွက် ဓနိဖက်ကို ဒေသတွင်းပြန်လည်အသုံးပြုကြသော်လည်း ဘုတ်ပြင်းမြို့နယ်တွင်မူ ကျွန်းစု (ဒေသအခေါ် ပင်လယ်ဘက်) မှ အဓိကလာဝယ်ကြသည်ဟု ဆိုသည်။
ယင်းသို့ဈေးတက်ရခြင်းမှာ လုပ်အားခနှင့် အခြားလိုအပ်သည့်ပစ္စည်းများပါ ဈေးတက်သွားခြင်းကြောင့်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာရှိ ဓနိဖက်လုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုသည်။

ထို့အပြင် စစ်မှုထမ်းစနစ်နှင့် ပဋိပက္ခအခြေအနေများကြောင့် လူငယ်လုပ်သားရှားပါးလာပြီး ဓနိဖက်ထွက်အား နည်းလာ ကြောင်း ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုနေ ဓနိခုတ်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
“အဓိက ကတော့ လုပ်သားရှားပါးလာတယ်ပြောရင် ပိုမှန်မယ်။ အရင်ကလို တက်တက်ကြွကြွလုပ်မယ့် လူငယ်ပိုင်းတွေက အခြေအနေအမျိုးမျိုးကြောင့် တိုင်းတစ်ပါးထွက်ကုန်ကြတာဆိုတော့ လူကြီးပိုင်းတွေပဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေ ကပဲ တစ်ပိုင်တစ်နိုင်လုပ်နေရတယ်” ဟု ၎င်းကပြောသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း ဓနိတောရှိသည့် ဒေသအများစုတွင် ဓနိဖက်လုပ်ငန်းနှင့် ဓနိဖူးခြောက်လုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြပြီး ဓနိရည်ဖြင့် သကြားကြိုချက်လုပ်ကိုင်သူ မရှိသလောက်နည်းပါးကြောင်း ၎င်းက ပြောဆိုသည်။
တနင်္သာရီတိုင်းအတွင်း နယ်ဒေသရှိ နေအိမ်အများစုမှာ ဓနိဖက်များဖြင့် မိုးလေ့ရှိပြီး ဓနိအရည်အသွေး၊ မိုးထားသည့် နည်းပညာအရ တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ အသုံးခံလေ့ရှိသည်။