စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး အဖြစ်ကြေညာလိုက်သည်။
စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့နယ်များတွင် တနင်္သာရီတိုင်းမှ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်ခဲ့သည်။
ယင်းမြို့နယ်များမှာ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် ဒေသများလည်းဖြစ်သည်။
စစ်အုပ်ချုပ်ရေး ကြေညာအပြီးတွင် ယင်းမြို့နယ်များ၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး တိုက်ပွဲများနှင့်အတူ နေအိမ်မီးရှို့မှုများလည်း ပိုမိုဖြစ်ပွားလာနေသည်။
စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနှင့်အတူ ညမထွက်ရအမိန်လည်း ထုတ်ပြန်လိုက်ရာ ဒေသခံပြည်သူများမှာ အခက်အခဲ အကျပ်အတည်း ပိုမိုကြုံတွေ့လာကြရသည်။
ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် ယခုအပတ် ‘တနင်္သာရီပုံရိပ်’ အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။
“အခြေအနေက ပိုဆိုးလာတယ်။ တိုက်ပွဲတွေ နေ့တိုင်းဖြစ်လာနေတယ်”
ပုလောမြို့နယ်၊ မင်းထိန်ရွာသားတစ်ဦး
DW ။ မာရှယ်လောထုတ်ပြီးတဲ့နောက် ရွာမှာအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ အခြေအနေက ပိုဆိုးလာတယ်။ တိုက်ပွဲတွေ နေ့တိုင်းဖြစ်လာနေတယ်။ အဲဒီအထဲ စစ်ကြောင်းကလည်း ရွာဘက်ကဖြတ်ပြီး ထိုးလာတော့ ပြေးရပုန်းရတယ်။ လူတွေလည်း အလုပ်ကိစ္စရှိတောင် သွားလို့လာလို့မရဲတော့ဘူး။ ပြေးရတာကတော့ နေ့စဥ်မိုးသောက်ပဲ။
DW ။ လက်ရှိကရွာမှာ ဘယ်လိုနေထိုင်နေကြသလဲ။
ဖြေ ။ ရွာမှာတော့ တိုက်ပွဲဖြစ်တာမရှိသေးဘူး။ ဒါပေမဲ့ ဘယ်အချိန်ပြေးရမယ်မသိတော့။ ညနေ ၄ နာရီဆို ထမင်းစား အထုတ်အပိုးပြင်ပြီး အသင့်လုပ်ထားရတယ်။ ညဖက်ဆိုလည်း လက်နက်ကြီးအသံတွေကြောင့် အိပ်ကောင်းခြင်းမအိပ်ရဘူး။ ဘယ်အချိန်လက်နက်ကြီး လာကျမလဲ အမြဲစိတ်ပူပန်နေရတယ်။ တချို့ကလည်း မြိတ်ဖက်ပြောင်းနေကုန်ကြပြီ။
DW ။ အနီးအနားရွာတွေ အခြေအနေကရောဘယ်လိုအခြေအနေရှိနေလဲ။
ဖြေ ။ အနီးအနားမှာရှိတဲ့ တို၊ပိတပ်၊မဒေါင်၊ကဒဲ၊ သင်္ကန်းတောရွာတွေဘက်မှာ တိုက်ပွဲ နေ့တိုင်းဖြစ်နေတယ်။ အိမ်တွေမီးရှို့ခံနေရတယ်။ လက်နက်ကြီးကျလို့ သေတဲ့သူသေ၊ ဒဏ်ရာရသူရပေါ့။ အဲဒီရွာက လူတွေကတော့ အနည်းအကျဥ်းပဲကျန်ပြီ။ အိုးအိမ်မီးလောင် ဆုံးရှံးမှုတွေက တအားကို ဆိုးရွားလာနေပြီ။ ကုန်ဈေးနှုန်းကြီးပြီး အလုပ်အကိုင်မလုပ်ရတော့ စားရေးသောက်ရေးကလည်း လူတွေတော်တော် အခက်အခဲကြုံနေရပြီ။ တတ်နိုင်တဲ့သူတွေက မြိတ်မြို့တက်ပြီးနေကြတယ်။ မရှိဆင်းရဲသား တွေကမြို့မပြောင်းနိုင်ဘူး။ဒီမှာပဲ သေချင်သေပစေဆိုပြီး နေနေကြတယ်။
DW ။ ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။
“စစ်အုပ်ချုပ်ရေး ကြေညာပြီးတော့ ရွာမှာ လူမရှိကြတော့ဘူး”
တနင်္သာရီမြို့အနီး ကျေးရွာတစ်ရွာမှ အမျိုးသားတစ်ဦး
DW ။ အခုဆိုရင် တနင်္သာရီမြို့နယ်က စစ်အုပ်ချုပ်ရေးကြေညာထားပြီးပြီပေါ့။ ရွာတွေဘက်မှာ စစ်အုပ်ချုပ်ရေး မကြေညာခင် အချိန်ကနဲ့ ကြေညာပြီးအချိန် ဘာတွေကွာခြားချက်ရှိသွားလဲ။
ဖြေ ။ ကွာတာပေါ့၊ အရင်ကဆို တိုက်ပွဲသံ၊ လက်နက်ကြီးသံတွေ နားစွင့်ရင်း ကွမ်းသီးကောက်လို့ရသေးတယ်။ ဥယျာဉ်ထဲမှာ လက်နက်ကြီးငါးကြိမ်ကျဖူးတယ်။ ကံကောင်းလို့ မသေတာ၊ အခု စစ်အုပ်ချုပ်ရေး ကြေညာပြီးတော့ ရွာမှာ လူမရှိကြတော့ဘူး။ စိုးရိမ်ကြတာပေါ့။
DW ။ ရွာမှာလူမရှိကြတော့ဘူးဆိုတော့ ရွာရဲ့အခြေအနေ အသေးစိတ်လေးသိရမလား။
ဖြေ ။ ရွာမှာ ဘာအသံမှ မကြားရသေးဘူး။ လောလောဆယ် အခြေအနေငြိမ်နေလို့ ပြောလို့ရတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြီး အရင်လိုတော့ မဟုတ်တော့ဘူးပေါ့ ပြောင်းတဲ့သူလည်း ကြိုပြောင်းနေပြီ။ တနင်္သာရီမြို့ပေါ်ပြောင်းတဲ့သူရော၊ မြိတ်နားက တိုက်ပွဲမဖြစ်ဘဲ အခြေအနေကောင်းနေတဲ့ ရွာတွေဘက်ကိုရော၊ မြိတ်ကိုပြောင်းတာရော ဖြစ်လာပြီ။
DW ။ ဘာကြောင့် ကြိုတင်ပြောင်းရွှေ့ကြတာလဲ။
ဖြေ ။ စစ်အုပ်ချုပ်ရေးက ကြောက်ရတာကိုး၊ ဘာတွေဖြစ်လာမှန်း မသိတာ။ အခုတောင် တနင်္သာရီမြို့အဝင်တံတားကို ညခြောက်နာရီဆို ပေးမဖြတ်တော့ဘူး။ စိုးရိမ်ကြတာပေါ့၊ အသက်ကလည်း အပိုမရှိဘူးလေ၊ ဒီတော့ ကြိုပြီးရွေ့ပြောင်းကြတာပေါ့။
DW ။ ရွာမှာ ကျန်ခဲ့တဲ့ ဥယျာဉ်ခြံအလုပ်တွေကိုရော ဒီအတိုင်းပဲ ပစ်ထားခဲ့ကြတာလား။
ဖြေ ။ တနင်္သာရီက ကွမ်းသီးအလုပ်ပဲရှိတာ၊ စစ်အုပ်ချုပ်ရေးကြေညာတယ်။ တော်တော်များများ ကြိုပြောင်းနေတယ်။ ကိုယ်လည်း ပြောင်းတာပဲ၊ ပြောင်းလည်းပြောင်း ကိုယ့်အလုပ်လည်း ကိုယ်လုပ်မှရမှာကိုး။ ကွမ်းသီးကောက်တဲ့အချိန် ခဏဆင်းလာပြီး ကောက်ကြတာ၊ ကွမ်းသီးပါ မြို့ပေါ်တခါတည်းယူသွားပြီး မြို့မှာပဲ အခြောက်လှမ်းတယ်။
DW ။ ဒီလိုကြုံနေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး တစ်ခုခုပြောချင်တာများရှိမလား။
ဖြေ ။ ပြောချင်တာက အရင်လို တိုက်ပွဲသံတွေမကြားရတဲ့ဘဝကို ပြန်ပြီးတော့ ရပါ့ဦးမလား မသိတော့ပါဘူး။
DW ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“နေ့တိုင်းညတိုင်း ပစ်သံခတ်သံတွေ လက်နက်ကြီးအသံတွေ ကြားနေရတော့”
ပုလောမြို့နေ အမျိုးသားတစ်ဦး
DW ။ စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက်ပိုင်း ပုလောမြို့မှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေလဲ။
ဖြေ ။ မာရှယ်လောထုတ်လိုက်တော့ ည ၇ နာရီ အလွန်ဆုံး ၈ နာရီပေါ့။ လမ်းပေါ်မှာလူတွေမရှိတော့ဘူး။ လူတွေက ကြောက်နေကြတယ်ပေါ့။ မသွားရဲကြတော့ဘူး။ လမ်းပေါ်မှာ ရှင်းလင်းတိတ်ဆိတ်နေတယ်။
DW ။ လဖက်ရည်ဆိုင်တွေ ဘီယာဆိုင်တွေကရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ည ၇ နာရီခွဲဆို ဆိုင်တွေအကုန်ပိတ်ကြပေါ့။ ဘယ်သူမှ မဖွင့်ရဲကြဘူးလေ။ အသွားအလာမရှိတော့ ရောင်းရေးဝယ်ရေးတွေလည်း ပါးကုန်တာပေါ့။
DW ။ လက်ရှိနေရေးထိုင်ရေးက အခြေအနေဘယ်လိုရှိလဲ။
ဖြေ ။ နေ့တိုင်းညတိုင်း ပစ်သံခတ်သံတွေ လက်နက်ကြီးအသံတွေ ကြားနေရတော့ စိတ်ထဲတမျိုးကြီးခံစားရတယ်။ နေရတာအဆင်မပြေဘူး။ မြိတ်(မြို့)ဘက် ပြောင်းသူတွေလည်း ပြောင်းကုန်ကြပြီ။
DW ။ ကျေးဇူးတင်ပါတယ်။
“မိုးချုပ်ပြီဆို တံတားကို ဘယ်သူမှ မဖြတ်ကြတော့ဘူး”
တနင်္သာရီမြို့နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦး။
DW ။ တနင်္သာရီမြို့က စစ်အုပ်ချုပ်ရေး မကြေညာခင် အချိန်ကနဲ့ ကြေညာပြီးအချိန် ဘာတွေကွာခြားချက်ရှိသွားလဲ။
ဖြေ ။ လူတွေရဲ့ စိုးရိမ်စိတ်က ပိုမြင့်သွားတယ်၊ အသွားအလာ အနေအထိုင်ကအစ အစစအရာရာ ပိုသတိထားနေရတာ၊ ဆိုင်တွေလည်း မိုးချုပ်တာနဲ့ ပိတ်တာပဲ၊ အရင်ကထက် ပိုတိတ်သွားတာပေါ့။
DW ။ ဘယ်လို စိုးရိမ်စိတ်မျိုးကို ဆိုလိုတာလဲ။
ဖြေ ။ တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲအကြား ပြေးရလွှားရတာတွေ၊ အခန့်မသင့်ရင် အသက်ပါသွားနိုင်တာမျိုးပေါ့။
DW ။ စစ်အုပ်ချုပ်ရေးကြေညာတဲ့ အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ တိုက်ပွဲတွေ အဖြစ်များတဲ့ နေရာတိုင်းကို စစ်အုပ်ချုပ်ရေးကြေညာထားတာ။ တနင်္သာရီလည်း ပါတာပေါ့နော်။ တိုင်းပြည်မအေးချမ်းတဲ့သဘောပေါ့။ မအေးချမ်းတော့ အလုပ်အကိုင်တွေ၊ အသွားအလာတွေ၊ နောက်ဆုံး ကိုယ့်အသက်တောင် အာမခံချက်မရှိတော့ဘူး။ ဘယ်နေ့တိုက်ပွဲဖြစ်ပြီး ဘယ်လိုပြေးရမလဲဆိုတဲ့ စိတ်ပူပန်မှုတွေပဲ နေ့တိုင်းကျော်ဖြတ်နေရတာ။ အဓိကကတော့ တိုင်းပြည်မှာ မင်းမကောင်းရင် ပြည်သူတွေပဲ ရင်ကော့ခံစားရတာကိုး။
DW ။ ညဘက်ဆိုရင် ည ၈ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရ ထုတ်ပြန်ထားတဲ့ အပေါ်မှာရော ဘယ်လိုမြင်သလဲ။
ဖြေ ။ မြို့ကလူတွေတော့ စောစောဆိုင်ပိတ် စောစောအိပ်ယာဝင်ကြတာပဲ၊ အဓိကက တနင်္သာရီကို သား၊ငါး လာရောင်းတဲ့ ငါးဈေးရောင်းသမားတွေ၊ ကားသမားတွေအတွက် အခက်အခဲဖြစ်မယ်။ မိုးချုပ်ပြီဆို တံတားကို ဘယ်သူမှ မဖြတ်ကြတော့ဘူး။ မိုးမချုပ်ခင် အမြန်ရောင်းပြီး ပြန်ကြတာပဲ။ ကားသမားတွေဆို ရောက်တဲ့ရွာဘက်မှာ ညအိမ်လိုက်တာမျိုးတွေ ကြားရတယ်၊ မနက်လင်းမှ ခရီးဆက်ကြတာပေါ့။
DW ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။