BREAKING
January 12, 2025

အဓမ္မစစ်သားစုဆောင်းခံရသည့် ဘုတ်ပြင်း ခမရ ၅၅၉ က တပ်သားနှစ်ဦး ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံ

January 12, 2025

ပုံစာ - ဒေါနတပ်ရင်းထံသို့ ခိုလှုံလာသည့် စစ်မှုထမ်းအပတ်စဥ် ၅ သင်တန်းဆင်းနှစ်ဦး။ ဓာတ်ပုံ - ဒေါနတပ်ရင်း။

ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၉ ခြေမြန်တပ်ရင်းက တပ်သားသစ်နှစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာကြောင်း အဆိုပါတပ်ရင်းက ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ထိုင်းနိုင်ငံတွင် အဖမ်းခံရပြီးနောက် ရနောင်းကမ်းဘက်သို့ ပြန်ပို့ခံရကာ စစ်မှုထမ်း အပတ်စဥ် (၅) အတွက် အဓမ္မစစ်သားသစ်စုဆောင်းခံရသည့် ကော့သောင်းဒေသခံ နှစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မွန်နှင့် ကရင်နယ်စပ်ရှိ စစ်ရေးတင်မားနေသည့် အနန်းကွင်းစစ်ဗျူဟာအနီး ရဲတံခွန်ရွာသို့ ရှေ့တန်း ပို့ဆောင်ခံထားရပြီး ကင်းစောင့်နေစဉ် ၎င်းတို့နှစ်စလုံး ဒေါနတပ်ရင်းနှင့် ဆက်သွယ်၍ လက်နက်နှင့်အတူ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါခိုလှုံလာသူနှစ်ဦးသည် MA 3 သေနတ်တစ်လက်၊ MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် ခြောက်ခု၊ ကျည်ဆန် ၁၇၅ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ ယူဆောင်လာခဲ့သဖြင့် တပ်ရင်းက ဆုကြေးငွေ ချီးမြှင့်ပေးထားကြောင်း ဒေါနတပ်ရင်းမှူး ရန်နိုင်က ပြောသည်။

“သူတို့နှစ်ယောက်စလုံး တပ်ရင်းမှာပဲ တော်လှန်ရေးရဲဘော်အဖြစ် ဆက်လုပ်မယ်။ အခုလောလောဆယ်ကတော့ တပ်ရင်းက ဆုငွေပေးထားတယ်။ နောက်ထပ်လည်း သူတို့မှာပါလာတဲ့ လက်နက်စာရင်းတွေကို ပြည်သူ့ရင်ခွင် အစီအစဥ်ကို တင်ပြပြီး ဆုထပ်ချီးမြှင့်ဖို့ စီစဥ်ထားတယ်” ဟု ၎င်းက ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် ဒေါနတပ်ရင်းထံ စစ်ကောင်စီဘက်က ခိုလှုံလာသူဦးရေ နှစ်ဆယ်ကျော်ပြီဖြစ်ပြီး ယင်းတို့အနက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားမှာ ထက်ဝက်ခန့်ပါဝင်ကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။