BREAKING
January 12, 2025

တနင်္သာရီအခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း တိုက်ခိုက်ခံရ

January 12, 2025

ပုံစာ - မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမှ မော်တုန်းရွာဘက်သို့ သွားသည့် လမ်းအားတွေ့ရစဉ်။(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းကို ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဇန်နဝါရီလ ၁၁ ရက်ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၁ ရက် ည ၁၀နာရီဝန်းကျင်တွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက စစ်ကောင်စီ (၃၀၆) အမြောက်တပ်ရင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မော်တုန်းဒေသခံအချို့ က ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီအမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ၁၀ချက်ကျော် ပစ်ခတ်သဖြင့် အရှေ့မော်တုန်းရွာတွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ‘အာနီရှာ’ ဟုခေါ်သည့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်၊။

“အဲဒီအချိန်က အိပ်နေကြတာဆိုတော့ လက်နက်ကြီးအသံကြားတော့ အိမ်အောက်က ကျင်းထဲကို ဆင်းတဲ့အချိန် လက်နက်ကြီးက အဲဒီအိမ်အနောက်ဘက်ကို ကျပြီး လက်နက်ကြီးအစ လက်မောင်းကို ထိသွားတာ”ဟု ၎င်းက ပြောဆိုသည်။

လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် နေအိမ်လည်းအနည်းငယ်ပျက်စီးသွားကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့ကို တိုက်ခိုက်ခဲ့တာက သူတို့တပ်ရင်းနားမှာ။ စကစက သူတို့ပြန်မလုပ်နိုင်လို့ ရွာထဲကို သီးသန့်ကြီး ပစ်ထုတ်တာမျိုးပါ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ရင်းကို မည်သည့်တော်လှန်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။ ထို့အပြင် တိုက်ပွဲအခြေအနေ အသေးစိတ်ကိုလည်း စုံစမ်းနေဆဲဖြစ်သည်။

အမှတ် (၃၀၆) အမြောက်တပ်ရင်းသည် အရှေ့မော်တုန်းကျေးရွာတွင် အခြေစိုက်ထားပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှုများ မကြာမကြာဖြစ်ပွားလျက်ရှိသည်။