BREAKING
January 12, 2025

ပြည်ထောင်စုလမ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ပေါင်း၍ စစ်ဆေး

January 12, 2025

ပုံစာ - ဇန်နဝါရီလ ၁၁ ရက်က လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ။ ဓာတ်ပုံ - ရွှေဘီလုံး ။

အမှတ် ၈ ပြည်ထောင်စုကာလမ်းမ ကလိန်အောင် – ထားဝယ် လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ ပူးပေါင်းကာ ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များနှင့် ခရီးသွားများထံကသိရသည်။

ပြည်ထောင်စုကာလမ်းမတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အိမ်စီးကားဖြင့် သွားလာနေသည်ဟု သတင်းရသဖြင့် လမ်းပိုင်းစစ်ဆေးခြင်းဖြစ်ကြောင်း လမ်းပိုင်း စစ်ဆေးရေးတွင်ပါဝင်သည့် ကလိန်အောင် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကဆိုသည်။

နံနက် ၆ နာရီခွဲကတည်းက လမ်းပိုင်းစစ်ဆေးရေးစတင်ပြုလုပ်ခဲ့ပြီး ဆယ်နာရီခွဲဝန်းကျင်တွင် ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၈၂ တပ်ရင်းဘက်မှ လက်နက်ကြီး သုံးချက်ပစ်ခတ်ခဲ့သဖြင့် ပြန်ဆုတ်ခွာလိုက်ရကြောင်း ၎င်းကပြောသည် ။

“လက်နက်ကြီးကကွက်တိကျလာလို့ ဆုတ်လိုက်တယ်။ တော်လှန်ရေးရဲဘော်တွေနဲ့ အရပ်သားတွေ ထိခိုက်တာမျိုး မရှိဘူး ကားလမ်းပေါ်လာကျတာ ။ သုံးချက်စလုံး အကုန်ကွဲတယ် ” ဟု ၎င်းကဆိုသည်။

လက်နက်ကြီး ပစ်ခတ်ပြီးနောက် ကလိန်အောင်တံတားကို ဖြတ်သန်းခွင့် ခေတ္တပိတ်ခဲ့ပြီး အထက – ကလိန်အောင် စာသင်ကျောင်းလည်း ကျောင်းပြန်လွှတ်လိုက်သည်ဟု ကလိန်အောင်မြို့ခံများက ပြောပြသည် ။

လမ်းပိုင်းစစ်ဆေးရေး ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လမ်းပိုင်း စစ်ဆေးရာတွင် ပြည်သူများပူးပေါင်းပါဝင်ပေးကြရန် ရွှေဘီလုံး တပ်ဖွဲ့ တာဝန်ရှိသူ က တိုက်တွန်းသည် ။

ယခုလမ်းပိုင်းစစ်ဆေးမှုကို ကလိန်အောင်ရွှေဘီလုံးပြည်သူ့ကာကွယ်ရေး အဖွဲ့ ၊T PDF တပ်ဖွဲ့၊ A ZERO ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရေဖြူ ပကဖဇင်ယော် တပ်စု(၁) ၊ နဂါးနီပျောက်ကြားတပ်ဖွဲ့ နှင့် ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည် ။