BREAKING
January 12, 2025

မီးလောင်မှုများ အဖြစ်များနေချိန် ထားဝယ်နှင့် လောင်းလုံး၌ တစ်ရက်တည်း ဆက်တိုက်မီးလောင်

January 12, 2025

ဓာတ်ပုံ - Soe Min Htun -fb

မီးလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့် တနင်္သာရီတိုင်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ထားဝယ်နှင့် လောင်းလုံးတို့တွင် မီးလောင်မှုဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့က ထားဝယ်မြို့ ဇဟာကျေးရွာရှိ ဘာသာပေါင်းစုံ သုသာန်နှင့် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာရှိ လယ်ကွင်းတို့တွင် မီးလောင်ခဲ့ကြောင်း ဒေသခံများနှင့် ဇမ္ဗူသီရိအဖွဲ့ ထံမှသိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ထားဝယ်မြို့ ဇဟာကျေးရွာ၊ဘာသာပေါင်းစုံသုသာန်ရှိ တရုတ်သင်္ချိုင်း နှင့် ဟိန္ဒူသင်္ချိုင်းတို့တွင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်သည့် ဇမ္ဗူသီရီအဖွဲ့မှ တာဝန်ရှိသူကပြောသ ည်။

“သင်္ချိုင်း နှစ်ခုထဲမှာ လောင်တာ သစ်ပင်တွေ ကုန်သွားတယ်။ ကျန်တာတော့ ကြီးကြီးမားမား ပျက်စီးတာမရှိဘူး။ ဆေးလိပ်တို ပစ်ချခဲ့လို့ လောင်တာလို့သိရတယ်။ နှစ်နာရီလောက် ငြှိမ်းသတ်ရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါမီးလောင်မှုကို ဇမ္ဗူသီရိအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ဇဟာအားမာန်အဖွဲ့သားများနှင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ လေးနာ ရီဝန်းကျင်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင်ဇန်နဝါရီလ ၁၁ ရက်နေ့က လောင်းလုံးမြို့နယ် ဝေဒီရွာ၏အရှေ့တောင်ဘက်မှ လယ်ကွင်းပြင် တစ်လျှောက်တွင် ညနေပိုင်းကစပြီး မီးလောင်ခဲ့ရာ ည ၉ နာရီ အချိန်ခန့်မှ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရသ ည်။

“မီးကတော် တော်တော် ငြှိမ်းသတ်ရတယ်။ ရွာရှေ့ပိုင်းက နေစပြီး လောင်တာ စစ်ပြဲသင်္ချိုင်းကုန်းနားက မြစ်ကုန်းဘုရားနား ရောက်ဖို့ လယ်တစ်ကွက်ပဲလိုပြီ အဲဒီမှာ ငြိမ်းသွားတာ”ဟု ဒေသခံကပြောသည်။

အဆိုပါမီးလောင်မှုမှာ လယ်ထဲတွင် ကောက်ရိုးမီးတိုက်ရာမှာ မီးမထိန်းနိုင်ပဲ လောင်ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ ကလည်း လောင်းလုံးမြို့နယ် ကဒက်ငယ်ဆိပ်ရွာရှိ လယ်ထဲတွင် မီး ရှို့ရာမှာ မီးမထိန်းနိုင်ပဲ လယ်ကွင်းတစ်လျှောက် လောင်ကျွမ်းခဲ့ရာ အဆိုပါမီးသည် ဇန်နဝါရီလ ၁၀ ရက်နေ့ အထိ ရေဖြူကျေးရွာနှင့် ကဒက်ကြီး ရွာကြားရှိ ကားလမ်းမအထိ လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများကပြောသည်။

နံနက်ပိုင်းအေးပြီး နေ့လယ်ပိုင်းပူပြင်းခြောက်သွေ့သည် ရာသီဥတုအခြေအနေသည် မီးလောင်ခြင်းကို အားပေးနေပြီး မီးလောင်သည့်အချိန် ဧရိယာ ကျယ်ပြန့်လျှင် ပြင်ပမှတိုးဝင်လာသည့် အားပြင်းသော လေပြင်းများကြောင့် မီးလောင်ရာလေပင့်သည့်အခြေအနေ ဖြစ်နိုင်သည့် အတွက်ကြောင့် မီးဘေးအန္တရာယ် အထူးသတိထားကြရန် မိုးလေဝသပညာရှင် ဦဝင်းနိုင်က ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက် နေ့က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတိပေးထားသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ၌တနင်္သာရီတိုင်း အတွင်းရှိ မြိတ်တစ်ဖက်ကမ်း ပထော်ကျေးရွာတွင် မီးလောင်မှူကြောင့် နေအိမ် ၃ ဆောင် ပျက်စီးခဲ့ရသေးသည်။

အလားတူ ယမန့်နေ့ နံနက် ၁၁ နာရီ ဝန်းကျင် ခန့် တွင် မီး လောင်မှု ကြောင့် ကရင်ပြည်နယ် မြ၀တီမြို့ရှိ အမှတ် ၅ ရပ်ကွက်တွင် နေအိမ်နှစ်ဆောင်နှင့် ဆိုင်ခန်း တစ်ခန်းပျက်စီးခဲ့ ကြောင်း မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။