<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၉)
အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)
အခန်း-၇၀-
(၁) ကျနော် ကန်တော့ခွင့် မရလိုက်တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်
တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ပြီး ရန်-ငါ စည်းပြတ်ရမယ်ဆိုတဲ့ အယူဆတွေဟာ တောတွင်းကာလ ABSDF ခေါင်းဆောင်ငယ်တဦးအဖြစ် တာဝန်ယူခဲ့စဉ်မှာအပြင် သတင်းထောက်တဦးအဖြစ် မြို့ပြမှာ တာဝန်ယူတဲ့အထိ ကျနော်နဲ့အတူ ကပ်ပါလာခဲ့ပါတယ်။
ဒီအယူဆကို လက်တွေ့စမ်းသပ်လိုက်တဲ့ ဖြစ်စဉ်ကတော့ (၈-၈-၈၈) ရှစ်လေးလုံးကာလက ကျနော်တို့ မော်လမြိုင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်ခဲ့သူ၊ တနည်းအားဖြင့် (၁၉၈၇) စက်တင်ဘာလ ငွေစက္ကူ အရေးခင်း၊ (၁၉၈၈) မတ်လနဲ့ ဇွန်လအရေးအခင်းတွေမှာ ပါဝင်မှုနဲ့ ကျနော့်ကို သူ့ရုံးခန်းထဲခေါ်ပြီး သတိပေးခဲ့သူ၊ ဆရာ ဦးခင်မောင်တင့်ခေါ် တက္ကသိုလ် ဘုန်းနိုင်နဲ့ ဘန်ကောက်မြို့က ဆယ်မီနာတခုမှာ တွေ့ဆုံစဉ်က ဖြစ်ပါတယ်။
(၁၉၉၉) နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်သံရုံး စီးနင်းမှုပြီးကာစ၊ (၂၀၀၀) ပြည့်နှစ် အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရတ်ချပူရီဆေးရုံစီးနင်းမှု ဖြစ်ပြီးကာစ ထိုင်းနဲ့မြန်မာတွေအကြား အထင်အမြင် လွဲမှုတွေ ဖြစ်နေစဉ်မှာ ဆရာတက္ကသိုလ်ဘုန်းနိုင် ပါဝင်တဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှုအဖွဲ့တခု ဘန်ကောက်ကို ရောက်လာပါတယ်။
(၂၀၀၀) ပြည့်နှစ် နိုဝင်ဘာလထဲမှာ ရောက်လာတဲ့ ဒီယဉ်ကျေးမှုအဖွဲ့ကို ဒါရိုက်တာ ကြည်စိုးထွန်းက ဦးဆောင်ပြီး ဆရာတက္ကသိုလ်ဘုန်းနိုင်၊ ဆရာချစ်ဦးညိုနဲ့ တခြားအဖွဲ့ဝင် (၁၀) ဦးခန့် ပါမယ်လို့ထင်ပါတယ်။ နှစ်နိုင်ငံ ယဉ်ကျေးမှုကိစ္စ ဆွေးနွေးဖို့ဆိုပေမယ့် အဓိကအားဖြင့်ကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္တုကို ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးထားတဲ့ ”သူ့ကျွန် မခံပြီ” ရုပ်ရှင်ပြဖို့ ဖြစ်ပါတယ်။
ချူလာလောင်ကွန်း တက္ကသိုလ်မှာ (၃) ရက်ကြာ ကျင်းပခဲ့တဲ့ ရုပ်ရှင်ပြပွဲနဲ့ ဆွေးနွေးပွဲအခမ်းအနားဆီ ကျနော်နဲ့အတူ သတင်းတက်ယူသူကတော့ (BBC) ဘီဘီစီက ဒေါ်ကြည်ကြည်မေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေအပြင် ဘန်ကောက်မှာရှိတဲ့ မြန်မာပရိသတ်တချို့လည်း တက်ရောက်လာကြပြီး မြန်မာဘက်က ပြသတဲ့ ”သူ့ကျွန်မခံပြီ” ဇာတ်ကားနဲ့ ထိုင်းဘက်ကပြသတဲ့ ”ဆူရီယာထိုင်း” ဇတ်ကားတွေကို ကြည့်ရှုအားပေးကြပါတယ်။
နောက်တခါ တိုက်တိုက်ဆိုင်ဆိုင် ဆရာတက္ကသိုလ်ဘုန်းနိုင်နဲ့ အဲဒီလိုတွေ့တဲ့အချိန်ဟာ ကဗျာဆရာကြီး တင်မိုး နိုင်ငံခြားကို ထွက်ပြေးကာစ အချိန်လည်း ဖြစ်ပါတယ်။
“အဓိက ကတော့ နယ်ချဲ့စနစ်ကို လက်မခံနိုင်တဲ့အကြောင်း၊ နယ်ချဲ့စနစ်ရဲ့ ဆိုးကျိုးတွေ အကြောင်းကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ” ဆိုပြီး တက္ကသိုလ်ဘုန်းနိုင်က သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုဖြေပါတယ်။ မြန်မာသတင်းထောက်တွေနဲ့ သီးခြားတွေ့တဲ့အခါမှာတော့ စာရေးဆရာဖြစ်လာပုံ၊ အထူးသဖြင့် ”သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်” ဝထ္ထု ဘယ်လိုရေးဖြစ်တဲ့အကြောင်း စသဖြင့် ဒေါ်ကြည်ကြည်မေက မေးပါတယ်။
ကျနော်အလှည့် ရောက်တဲ့အခါမှာတော့ အလိုက်ကန်းဆိုး မသိတတ်သေးတဲ့ သတင်းထောက်ပေါက်စပီပီ ဆင်ဆာကိစ္စကို သွားမေးမိပါတယ်။
“စာရေးဆရာဆိုတာ ပြင်ပချုပ်ချယ်မှုကို မကြောက်ရဘူး။ တာဝန်သိတဲ့ စာရေးဆရာတဦး အနေနဲ့ ကိုယ်ဖာသာ ထိန်းသိမ်းတတ်ရမယ်။ ကျနော်ကတော့ လွတ်လွတ်လပ်လပ် ရေးနေတာပဲ” လို့ ဆရာကြီးက ဖြေပါတယ်။
တကယ်ကတော့ ဒီအဖြေလောက်နဲ့ တင်းတိမ်သင့်တယ် ထင်ပါတယ်။ ဒါက အခုမှ စဉ်းစားမိတာပါ။ အဲဒီကာလကတော့ တက်ကြွတဲ့ကြက်ဖ ဖြစ်နေဆဲဆိုတော့ တချိန်က ကျောင်းတော်က ရန်စတွေ၊ အမြင်မတူမှုတွေက ပရော်ဖက်ရှင်နယ် သတင်းသမားစစ်စစ် မဖြစ်သေးတဲ့ သူပုန်လူထွက် သတင်းထောက်ရင်ထဲ ကိန်းအောင်းနေဆဲနဲ့ တူပါတယ်။
“ဆရာက လွတ်လွတ်လပ်လပ် ရေးလို့ ရနေတယ်ဆိုပေမယ့် တချို့စာရေးဆရာ၊ ကဗျာဆရာတွေကတော့ စာရေးလို့ ထောင်ကျခံရ၊ တချို့က ပြည်ပကိုထွက်ပြေးရ ဖြစ်နေပါတယ်။ အဲဒါ ဆရာနဲ့သူတို့ ဘာကွာလို့လဲ” ဆိုပြီး မေးချလိုက်မိပါတယ်။
ဒေါ်ကြည်ကြည်မေက မျက်စိမျက်နှာပျက်ပြီး ဆက်မမေးဖို့ ကျနော်ကို လက်တို့ သတိပေးပါတယ်။ “အဲဒါက စာပေကိစ္စ တခုတည်းကြောင့် ဟုတ်ရဲ့လားဗျာ” လို့ ဆရာကြီးကပြောပြီး မျက်နှာလည်း အတော်ပျက်သွားပါတယ်။ ဒါကိုရိပ်မိတဲ့ ဒေါ်ကြည်ကြည်မေက ကြားဖြတ်ဝင်လာပြီး ဆရာသက်တောင့်သက်သာဖြစ်မယ့် မေးခွန်းတွေနဲ့ စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။
ပြီးတော့ ရုပ်ရှင်ပြပွဲစမယ်ဆိုလို့ ကျနော်တို့အားလုံး အခန်းထဲ ဝင်လိုက်ကြပါတယ်။ ရုပ်ရှင် မပြခင်မှာ ယဉ်ကျေးမှု ကပွဲလုပ်ပြီး ဆရာ ချစ်ဦးညိုကိုယ်တိုင် ဒသာဂီရီအက ကနေတာကို တွေ့လိုက်ရပါတယ်။ ကပွဲနဲ့ ရုပ်ရှင်ပြပွဲ အပြီးမှာတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာဖတ်ပရိသတ်တွေ၊ လေးစားသူတွေက ဆရာကြီးကို ထိုင်ကန်တော့ကြပါတယ်။
BBC ဘီဘီစီက ဒေါ်ကြည်ကြည်မေလည်း ပရိတ်သတ်တွေနဲ့အတူ ထိုင်ကန်တော့ဖို့ ပြင်နေတော့ ကျနော်လည်း အားလုံးနဲ့အတူ ထိုင်ကန်တော့မယ်လို့ ပြင်လိုက်ပါတယ်။
“တချိန်က ငါတို့ရဲ့ ဒီမိုကရေစီအခွင့်အရေး တောင်းဆိုဆန္ဒပြပွဲကို တားဆီးခဲ့သူတဦးကို ငါ ကန်တော့လိုက်မယ်ဆိုရင် တသက်လုံး လုပ်လာခဲ့တဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်ရာ ကျသွားလေမလား” ဆိုပြီး ကျနော့်စိတ်ထဲ စဉ်းစားချက် ဝင်လာပါတယ်။
စိတ်ထဲမှာလည်း ဘာကိုအလိုမကျမှန်း မသိပဲ တင်းကျပ်သလိုလို၊ အသက်ရှု ကျပ်သလိုလိုနဲ့ ချွေးပြန်လာတဲ့အတွက် လူအုပ်ကြားထဲကနေ အခန်းအပြင်ဘက် အမြန်ထွက်လိုက်ရပါတယ်။ ကျန်တဲ့ ပရိတ်သတ်တွေကတော့ ဆရာကြီးကို လက်အုပ်ချီကန်တော့၊ ဆရာကြီးကလည်း ဆုမွန်ကောင်းတွေ ခြွေလို့ပေါ့။
ကျနော်ကတော့ “ရန်-ငါ စည်းပြတ်ရမယ်” ဆိုတဲ့ စဉ်းစားချက်ကြီး ဝင်လာပြီး နောက်ပြန် မလှည့်တော့ပဲ ချူလာလောင်ကွန်း တက္ကသိုလ်ဝင်းထဲကနေ ထွက်လာခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ဆရာကြီးကို လူချင်းတွေ့လျက်နဲ့ မကန်တော့ခဲ့ဖြစ်လိုက်တဲ့ ကျနော်ဟာ ဒီဖြစ်စဉ်အပေါ် မကြာခန ပြန်စဉ်းစားနေမိပါတယ်။
တနှစ်လောက်ကြာတဲ့အခါ၊ အထူးသဖြင့် ဘန်ကောက်က ဆယ်မီနာတွေမှာ နဝတ- အစိုးရထဲက ထောက်လှမ်းရေးမှူး ဗိုလ်မှူးချုပ် ကျော်သိန်းတို့လို ပုဂ္ဂိုလ်တွေနဲ့တွေ့ပြီး လက်ဆွဲနှုတ်ဆက်ရဲလာတဲ့အခါမှာတော့ “တချိန်က လက်နက်ကိုင်ပြီး သူသေကိုယ်သေ တိုက်ခဲ့ဖူးတဲ့ ဒီလိုလူတွေကိုတောင် လက်ဆွဲနှုတ်ဆက်နိုင်ရင် အနန္တောအနန္တ (၅) ပါးထဲမှာပါတဲ့ ဆရာသမားတွေကို ဘာလို့နှုတ်မဆက်ရဲ၊ မကန်တော့ရဲရမှာလဲ” ဆိုပြီး စဉ်းစားမိလာပါတယ်။
တချိန်တည်းမှာပဲ သက်ပြီးဝါကြီး ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်အပေါ် မထေမဲ့မြင် ပြုခဲ့မိလေသလားဆိုပြီးလည်း စဉ်းစားနေမိပါတယ်။ တခါ တက္ကသိုလ်မှာတုန်းက ဆရာကြီးဘက်က ကျနော်တို့လုပ်ရပ်ကို တားမြစ်တယ်ဆိုတာကလည်း အစိုးရအကြိုက် လိုက်လုပ်တာမျိုး မဟုတ်ပဲ လွန်လွန်ကျွံကျွံ မဖြစ်အောင် တာဝန်အရ ခေါ်ပြောရတာမျိုးရော မဖြစ်နိုင်ဘူးလားလို့ ပြန်စဉ်းစားနေမိပါတယ်။
ဒီလိုနဲ့ နောက်တခါ ဆရာကြီးနဲ့တွေ့ရင်တော့ အရင်ကဖြစ်စဉ်တွေကို ပြန်ပြောပြပြီး အသေအချာ တောင်းပန်ကာ ထိုင်ကန်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆရာ့ကို ကျနော် နောက်တကြိမ် ဘယ်တော့မှ ပြန်တွေ့ခွင့် မရနိုင်တော့ပါ။
ဘာကြောင့်လဲဆိုရင် အသက် (၇၂) နှစ်အရွယ် ဦးခင်မောင်တင့် ခေါ် စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ဟာ (၂၀၀၂) ခုနှစ် မေလ (၁၀) ရက်နေ့က သံလျင်နေအိမ်မှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို မြန်မာ့အလင်းသတင်းစာ နာရေးမှာ ကျနော်တွေ့လိုက်ရလို့ပါ။
တခါက သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ သူပုန်လူထွက် သတင်းထောက်ပေါက်စ ကျနော့်အဖြစ်ကို တမလွန်ဘဝက ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် နားလည်နိုင်ပါစေလို့ ဆုတောင်းရုံမှတပါး ကျနော် ဘာများ တတ်နိုင်ဦးမည်နည်း။
………………………………………
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇၁) >>>>>
ထက်အောင်ကျော်