BREAKING
January 22, 2025

ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ ဘတ်အသစ် အမည်စာရင်း လျှောက်ထားနိုင်မည်ဟုဆို

December 11, 2024

ဓာတ်ပုံ - AFP

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းလဝက၏ ထုတ်ပြန်ချက်နှင့် အကျိုးဆောင်များထံမှ သိရသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် ဒီဇင်ဘာလ ၃၀ ရက်နေ့မတိုင်ခင် လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သော နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်းတင်သွင်းခြင်းကို လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ခွင့်ပြုပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနဘက်က အကြောင်းကြားထားကြောင်း မြန်မာအလုပ်သမားအကျိုးဆောင်များထံမှ သိရသည်။

“သူတို့ (ဒီဇင်ဘာ) ၁၅ ရက်နေ့ အစမ်းဖွင့်မယ်လို့ ပြောတယ်။ ၁၆ ရက်နေ့ဆို တရားဝင် တင်နိုင်ပြီပြောတယ်ပေါ့နော်။ အဲနေ့ကျရင် စောင့်ကြည့်ရမှာပဲ” ဟု ဘန်ကောက်ရှိ အကျိုးဆောင်တစ်ဦးက ဆိုသည်။

အမည်စာရင်း (Name List) ကို လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၅ ရက်အတွင်း တင်သွင်းရန် ထိုင်းလဝကထုတ်ပြန်ချက်တွင်လည်း ပါရှိကြောင်း ၎င်းကဆိုသည်။

အမည်စာရင်းတင်သွင်းပြီးသော အလုပ်သမားများသည် နောက်တဆင့်ဖြစ်သော ဆေးရုံတွင် သွေးစစ်ခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် (work permit) အတွက် ငွေသွင်းခြင်းများကို ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မတိုင်ခင် အပြီးလုပ်ရမည်ဟု ညွှန်ကြားချက်တွင် ပါရှိသည်။

နောက်တစ်ဆင့်ဖြစ်သော ထိုင်းလဝကတွင် လက်ဗွေနှိပ်ခြင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် နောက်ဆုံးထားပြုလုပ်ရမည်ဖြစ်သည်။

အလုပ်လုပ်ခွင့်လက်မှတ် (work permit) ရရှိလာသူများသည် ထိုင်းနိုင်ငံအတွင်း ၂၀၂၆ ခုနှစ် မတ်လ ၃၁ နေ့အထိ သတ်မှတ်နယ်မြေအတွင်း ယာယီအလုပ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။

နောက်ဆုံးအဆင့်ဖြစ်သော အခြေခံအလုပ်သမားဗီဇာကို နိုင်ငံကူးလက်မှတ်သို့ဖြစ်စေ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) သို့ဖြစ်စေ ဗီဇာထည့်သွင်းပြီးမှသာ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်သွားလာခွင့် ရရှိမည်ဖြစ်သည်။

လက်ရှိတွင် ပန်းရောင်ဘတ်အသစ်ပြုလုပ်ရန် အကျိုးဆောင်များထံတွင် ဘတ် ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ ဈေးပေါက်လျက်ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။

“သူတို့က သူဌေးရှိမရှိ အရင်မေးတယ်ပေါ့နော်။ သူဌေးမရှိရင် သူဌေးငှားခအတွက် ထပ်ပေးရတယ်။ ဒီဘတ်ကလည်း လုပ်ချင်တဲ့အချိန် လုပ်လို့ မရဘူးဆိုတော့ သူတို့တောင်းတဲ့ဈေး ပေးနေရတာပဲ” ဟု ထိုင်းတောင်ပိုင်းရှိ ထားဝယ်ဒေသခံ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပန်းရောင်ဘတ်အသစ်ပြုလုပ်ရန် ယုံကြည်စိတ်ချရသော အကျိုးဆောင်များနှင့် ကြိုတင်တိုင်ပင်သင့်ပြီး မိမိနှင့် မသိသော အကျိုးဆောင်များကို ငွေကြေးများ ကြိုတင်မလွှဲကြရန်လည်း အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။