စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအများစုတွင် မူးယစ်ဆေးတစ်မျိုး ဖြစ်သည့် WY ဆေးပြားများကို လူမြင်ကွင်းတွင်ပင် ပေါ်ပေါ်ပေါ်တင်တင် ရောင်းချနေကြကြောင်း ဒေသခံများထံမှ သိရသည်။
မူးယစ်ဆေးရောင်းသူများက စစ်ကောင်စီ လက်ဝေခံ ပျူစောထီးများကို ငွေပေးပြီး တရားဝင် ရောင်းချနေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပြည်ကြီးမဏ္ဏိုင်မြို့ ၊လေညာနှင့် မနိုးရုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ နှင့် ဘန်ဂလားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးရောင်းချမှုများကြောင်း ၎င်းတို့က ပြောသည်။
“ရွာတွေမှာတော့ အရင်ကတည်းက မူးယစ်ဆေးရောင်းတာတွေရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းက ပိုဆိုးလာတယ်။ ရောင်းတဲ့သူရော ဝယ်သုံးတဲ့သူရော အကြောက်အလန့်ကို မရှိဘူး”ဟု ပြည်ကြီးမဏ္ဏိုင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
မူးယစ်ဆေးတစ်မျိုးဖြစ်သည့် မြင်းဆေးဟု ဒေသခံများခေါ်ဝေါ်သော WY ဆေးပြားကို ရောင်းဝယ်သုံးစွဲသူများပြီး တစ်ပြားလျှင် ကျပ် တစ်ထောင်ဝန်းကျင်သာရှိကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာမသိမ်းမီကမူ WY ဆေးတစ်ပြားကို ကျပ်ငါးထောင်ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။
လာဘ်ငွေပေးပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး မနိုးရုံးကျေးရွာအုပ်စုအတွင်းရှိ ပျူစောထီးနှင့် နီးစပ်သူတစ်ဦးကို ဒီဇင်ဘာလ ၁၀ ရက် ည ၇ နာရီခန့်တွင် Dawei Watch က ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။
အဆိုပါ မြင်းဆေးကို ကျွန်းစု (ဒေသအခေါ် ပင်လယ်)ဘက်မှ တင်သွင်းလာကြောင်း ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ဆိုသည်။
“ပေါ်တင်ရောင်းတာတော့မပြောနဲ့ ခေါင်းပေါ် လင်ဗန်းရွက်ပြီး ရောင်းလို့ရရင် ရောင်းကြဦးမယ်။ ရွာဘက်တွေပိုဆိုးတယ်။ အသက်ဆယ်နှစ်ကျော်တာနဲ့ မြင်းရှူတတ်နေပြီ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းအပေါ် စစ်ကောင်စီလက်အောက်ခံဌာနများထံ သတင်းပေး တိုင်ကြားကြသော်လည်း ဖမ်းဆီးအရေးယူခြင်း တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဘုတ်ပြင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“သူတို့က ပေါင်းပြီးလုပ်စားနေတာ။ မြင်နေပေမယ့်လည်းမမြင်သလိုပဲ နေပေးလိုက်တယ်။ ခေတ်မကောင်းတော့ ရူးချင်ယောင်ဆောင်ရတာပေါ့ “ဟု အထက်ပါ အမျိုးသားက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်မှုများရှိနေသည်။