စစ်ကောင်စီတပ်က ရက်ရှည်စစ်ကြောင်းထိုးနေသည့် ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ တပိုရွာတွင် ဒီဇင်ဘာလ ၉ ရက် နံနက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
တပိုကျေးရွာရှိ ရေချောင်းအထက် (ဖိုးမဒီး) ဆိပ်တွင် စစ်ကောင်စီတပ်သားများ ရေချိုးဆင်းချိန် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာက ၂ နာရီခန့်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တပိုကျေးရွာဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်တပ်သားများက တပိုကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသလို ကျေးရွာအနှံ့ တပ်ဖြန့်ထားခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
“ဗုံးနှစ်ကြိမ်ချတိုက်ခိုက်ပြီးတဲ့အချိန်မှာ PDF တွေက ဇရပ်ဆိပ်အနောက်ကမ်းဘက်ကနေ ခံပစ်ပေးတယ်။ တောကြီးမြွေဟောက်အဖွဲ့နဲ့ ကရင်အဖွဲ့ (KNDO) က ဆယ်အိမ်စုဖက်ကနေ ညှပ်ပြီးပစ်ပေးတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ချိန် ကျွံထွက်လာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
တော်လှန်ရေးတပ်များစိုးမိုးထားသည့် ပုလောမြို့နယ် မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ကျေးရွာအချို့ကို အောက်တိုဘာလ ၁၄ ရက်မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ကြဲကျေးရွာနှင့် တပိုရွာတွင် အထိုင်ချတပ်စွဲထားသည်။
တပိုကျေးရွာနေ အခြားဒေသခံတစ်ဦးကမူ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အပြန်အလှန် ဒရုန်းဖြင့် အပြန်အလှန်ဗုံးချတိုက်ခိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“နှစ်ဖက်စလုံး ဒရုန်းတွေနဲ့အရင်ချပြီး တိုက်တာပါ။ ပြီးမှ တိုက်ပွဲဖြစ်တာ။ PDFတွေက ဘုန်းကြီးကျောင်းနား (ဒရုန်းဗုံး) ချလိုက်တယ်။ စစ်တပ်ကချတဲ့ဒရုန်း(ဗုံး)က ဇရပ်ဆိပ်ရွာလမ်းသစ်ကုန်းနားကျတယ်”ဟု ၎င်းက ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
တပိုကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည့်အတွက် ဒေသခံများက ထွက်ပြေးတိမ်းရှောင်နေကြသောကြောင့် တိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှု မရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထိတွေ့ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က တပိုကျေးရွာအနှံ့ဖြန့်ကျက်ထားပြီး ဖြတ်သန်းသွားသည့် အရပ်သားများကို တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“(တပို) ရွာထဲ စစ်သားတွေအပြည့်ပဲ။ လမ်းသွားလမ်းလာတွေကို တွေ့ရင်စစ်တာပါ။ ဓာတ်ပုံရိုက်တယ်။ အခုထိတော့ အဖမ်းမခံရသေးဘူးလို့ကြားတယ်”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေချိန် ခရီးသည်ကားများက ဘိုင်းပြင်ကျေးရွာအနီး ရပ်နားထားကြပြီး သေနတ်သံရပ်နားသွား သည့်အချိန်တွင် ပြန်လည်ထွက်ခွာသွားကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။