အာဏာသိမ်းပြီးနောက်ပိုင်း နယ်ဒေသများတွင် တိုက်ပွဲများကြောင့် မြိတ်မြို့တွင် အိမ်ခြံမြေ အရောင်းအဝယ် သိသိသာသာမြင့်တက်လာကြောင်း မြိတ်မြို့ခံများနှင့် အိမ်ခြံမြေရောင်းဝယ်နေသူအချို့က ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစတင်ကာ တစ်နှစ်ထက်တစ်နှစ် အရောင်းအဝယ်ပိုများလာကြောင်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်နေသူအချို့က ဆိုသည်။
တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည့် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်နေသူများသည် မြိတ်မြို့တွင် အိမ်ခြံမြေဝယ်ယူကာ ပြောင်းရွှေ့နေထိုင်ကြသည့်အတွက် အရောင်းအဝယ်သွက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောပြောသည်။
အဆိုပါဒေသအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထားပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်ထိန်ချုပ်နိုင်ရန် တောက်လျှောက်စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
ထိုအခြေအနေများကြောင့် ၂၀၂၃ ခုနှစ်နှင့် ယနှစ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ပိုမိုမြင့်တက်ခဲ့ကြောင်း မြို့ခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်အချို့ထံမှ သိရသည်။
“အရောင်းအဝယ်က အတော်ဖြစ်နေတာ။ တချို့ဆို တစ်နှစ်ကို (အိမ်ခြံမြေ) တစ်ဆယ်ကျော်အထိ အလုပ် (အရောင်းအဝယ်) ဖြစ်နေတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
အာဏာမသိမ်းမီက အကျိုးဆောင်တစ်ဦးလျှင် (တစ်နှစ်) အိမ်ခြံမြေနှစ်ကွက်ခန့်သာ အရောင်းအဝယ်ဖြစ်ရာမှ လက်ရှိတွင် ဆယ်ကွက်ကျော်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း အကျိုးဆောင်အချို့ထံမှသိရသည်။
မြိတ်မြို့တွင် အကျိုးဆောင် (ပွဲစား) ဦးရေ ဆယ်ချီရှိသည်။
ထိုသို့ အရောင်းသွက်နေသလို ဈေးလည်းတက်လာကြောင်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်နေသည့် အခြားအကျိုးဆောင်အချို့ထံမှ သိရသည်။
ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းနှင့် ဘဏ်များကို ယုံကြည်မှု နည်းလာခြင်းတို့ကြောင့် ငွေကြေးအစား အိမ်နှင့်မြေကို ပိုမိုဝယ်ယူလာကြကြောင်း မြို့ခံအချို့ထံမှသိရသည်။
“မြိတ်မြို့ပေါ်မှာက တိုက်ပွဲလည်းမရှိတော့ ပုလော၊ တနင်္သာရီဘက်က စစ်ရှောင်တွေက အိမ်တွေမြေတွေဝယ်ကြတော့ ဈေးတက်ကုန်တာ။ ပြီးတော့ ပေါက်ဈေးထက် ပိုပေးပြီး ဝယ်လာကြလို့လည်း ပါတယ်” ဟု အခြားအကျိုးဆောင်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြိတ်မြို့ပေါ်နေရာအချို့၌ ၄၀ ပေ၊ ၆၀ ပေ ကျယ်သည့် မြေတစ်ကွက်ကို သိန်းတစ်ထောင်နှင့် အထက်ရှိနေပြီး နေရာအပေါ်မူတည်ကာ ဈေးအနည်းအများရှိနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
အာဏာမသိမ်းမီက ၇၅၀ သိန်းဝန်းကျင်သာ ဈေးရှိသည့် မြေကွက်အချို့မှာ လက်ရှိအချိန်တွင် သိန်းသုံးထောင်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း မြိတ်မြို့ခံများနှင့် အကျိုးဆောင်အချို့ထံမှသိရသည်။
“အရင်က ရောင်းမထွက်တဲ့မြေတွေတောင် အခုရောင်းထွက်ကုန်ပြီ” ဟု အဆိုပါ အကျိုးဆောင်က ပြောသည်။
မြိတ်မြို့တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားပြီး စစ်ကောင်စီတပ်က လွှမ်းမိုးထိန်းချုပ်ထားနိုင်သည့် ဒေသတစ်ခုဖြစ်သည်။