ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်သည့် မောင်တောဒေသတစ်ခုလုံးကို သိမ်းယူထိန်းချုပ်နိုင်ပြီဖြစ်ပြီး အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်က အရာရှိအချို့ကိုလည်း ဖမ်းမိကြောင်း အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်သည်။
မောင်တောဒေသတွင် နောက်ဆုံးကျန်ရှိသည့် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ၅၅ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၈ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၀ရက်ည ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါစခန်းကို တိုက်ခိုက်ရာတွင် ဘူးသီးတောင်မြို့ စကခ-၁၅ စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ တတိယတန်း ဦးစီးအရာရှိ အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့် RSO၊ ARSA၊ ARA နှင့် စစ်သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်များကို ဖမ်းမိကြောင်း AA က ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်ထားသည်။
လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှာဖွေနေကြောင်း ဖော်ပြသည်။
နခခ (၅) စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ခုနစ်ရာကျော် ဖြင့် အခိုင်အမာစခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း ဆိုသည်။






စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် M14 မိုင်း ပေါင်း တစ်ထောင်ကျော်ကို ရှင်းလင်းခဲ့ရပြီး AA တပ်ဖွဲ့ဝင်အချို့ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါထိခိုက်ခြင်းတို့ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မောင်တောဒေသရှိ စစ်ကောင်စီတပ်၏ စခန်းများ၊ နယ်စပ်ရှိ စခန်းများကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ရက်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နခခ ၅ ကိုမူ ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိကြောင်းလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။