BREAKING
November 9, 2024

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၈)

December 11, 2022

ဒေါင်းဂွင်စခန်းမှာ ABSDF ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၇)

အပိုင်း-၄- (ABSDF အကွဲအပြဲကာလနှင့် ဘက်မလိုက်ညီညွတ်ရေးအဖွဲ့)

အခန်း-၃၈-

(၁) သေလောထာစခန်းမှာကျင်းပတဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲ

မာနယ်ပလောအစည်းဝေးခန်းမ ဆွေးနွေးပွဲ ပြီးတဲ့အခါမှာတော့ သဘာပတိအဖြစ် တာဝန်ယူရတဲ့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲမှာ ဆက်တည်းဖို့ မသင့်တော်တဲ့အတွက် ကြားနေရာဖြစ်တဲ့ စော်လဲထာရွာ ဆီပြန်လာပြီး ကိုမြင့်အောင်တို့အိမ်မှာ တည်းလိုက်၊ မယ်စရိယန်းမြို့ပေါ်ကို တက်ပြီး River Side Guest House မှာတည်းရင်း တပ်ရင်းနဲ့ ရနောင်းမြို့ဘက်ဆီ ဆက်သွယ်လိုက်နဲ့ နေခဲ့ပါတယ်။

၄-ရက်လောက်ကြာတဲ့အခါမှာတော့ စော်လဲထာ အောက်ဖက်နားက သံလွင်မြစ်ဘေးရှိ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်ရှိရာ သေလောထာစခန်းဆီ ကျနော်တို့ဆင်းလာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မာနယ်ပလောနဲ့ ဥသုထာခရီးစဉ်တုန်းက သေလောထာဝန်းကျင်မှာ ကျောင်းသားစခန်းတွေကို မတွေ့ရသေးပေမယ့် အခု ၁၉၉၃ မှာတော့ သောင်ရင်းနဲ့ သံလွင်မြစ်ဆုံတဲ့ မြစ်ဆုံကနေ သေလောထာရွာ အပေါ်နားအထိ သံလွင်မြစ်ကမ်းတလျှောက် ခွပ်ဒေါင်းအလံတလူလူနဲ့ ကျောင်းသားစခန်းတွေ တန်းစီနေရာယူထားတာကိုတွေ့ရပါတယ်။

မြစ်ဆုံရဲ့အထက်နားကနေ သေလောထာရွာ အနီးထိ ကိုမိုးသီးဇွန် ဗဟိုကို ထောက်ခံတဲ့ တပ်ရင်းတွေဖြစ်တဲ့ ၂၀၈၊ ၂၁၄၊ ၂၁၂ နဲ့ ၂၀၄ တပ်ရင်း စခန်းတွေကို တွေ့ရပါတယ်။ ကိုမိုးသီးဇွန်တို့ဗဟို အပေါ်ဖက် သေလောထာရွာ အနီးမှာတော့ ဒေါက်တာနိုင်အောင်ကို ထောက်ခံတဲ့ ၂၁၀ တပ်ရင်းနဲ့ သေလော့ထာရွာ အပေါ်ဖက်နားမှာတော့ ၂၀၉ တပ်ရင်း နေရာယူထားပါတယ်။ နောက်ပိုင်းမှာတော့ ၂၀၉ နဲ့ ၂၁၀ တို့ ဒေါင်းဂွင်ဖက်ပြောင်းသွားတယ်လို့ သိရပါတယ်။

ဒီစခန်းတွေ အားလုံးနီးပါးကို သံလွင်မြစ်ထဲက ဖြတ်သွားရင်း မြင်ဖူးရုံသာရှိပြီး တပ်ရင်းမှုး ကိုနေမျိုးရဲ့ ၂၁၂ တပ်ရင်းတခုကိုသာ ကျနော်ရောက်ခဲ့ဖူးပါတယ်။ စော်လဲထာကနေ ကိုမိုးသီးဇွန်တို့ ဗဟိုဌာနချုပ်စခန်းကို မိနစ် ၄၀ ခန့် လှေစီးရပါတယ်။ သေလောထာ ဗဟိုဌာနချုပ်စခန်းဟာ အရင် မာနယ်ပလောတောင်ကုန်းပေါ်က စခန်းနဲ့စာရင်တော့ ပထဝီ အနေထားရော၊ စခန်းရှိအဆောက်ဦတွေပါ မကောင်းလှဘူးလို့ ထင်ပါတယ်။ ဆွေးနွေးပွဲအတွက် တညအိပ်ခရီးစဉ်အဖြစ်သာ ရောက်ဖူးတဲ့အတွက် အခင်းအကျင်းကို ကောင်းကောင်း မမှတ်မိပါ။

သေလောထာစခန်းမှာ ABSDF ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်။

နောက်တနေ့မနက် ကိုနိုင်အောင်တို့ ဗဟိုဘက်က ကိုယ်စားလှယ်တွေ ရောက်လာတဲ့အခါမှာတော့ ပေါင်းစည်းရေးဆွေးနွေးပွဲ ဒုတိယအကြိမ်အဖြစ် သေလောထာစခန်းမှာ စတင်ခဲ့ပါတယ်။ ဒီအစည်းဝေးကိုတော့ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ကျန်တဲ့ ကိုယ်စားလှယ်တွေကတော့ အရင် မာနယ်ပလော အစည်းဝေးအတိုင်း အပြောင်းလဲမရှိဘူးလို့ ကျနော် ထင်ပါတယ်။

ဆွေးနွေးတဲ့ အကြောင်းရာတွေကတော့ မာနယ်ပလော အစည်းဝေးခန်းမမှာ တင်ပြတဲ့အချက်တွေကိုပဲ ဆက်လက် ဆွေးနွေးတာဖြစ်ပါတယ်။ အားလုံး အပြန်အလှန် ငြင်းခုံဆွေးနွေးပြီး နောက်မှာတော့ ဘာမှသဘောတူညီချက်မရတဲ့အတွက် နောက်ဆုံး အကြိမ်ဆွေးနွေးပွဲကို ကိုနိုင်အောင်တို့ ဌာနချုပ်ရှိရာ ဒါးကွင်း (ဒေါင်းဂွင်လို့ ကျောင်းသားတွေက အမည်ပြောင်း) မှာလုပ်ဖို့ သဘောတူပြီး ညနေပိုင်းမှာ ဆွေးနွေးပွဲကို ရပ်နားလိုက် ပြန်ပါတယ်။

(၂) ဒေါင်းဂွင်စခန်းမှာကျင်းပတဲ့ တတိယအကြိမ် ဆွေးနွေးပွဲ

မင်းသမီးစခန်းရုံးမှာ နောက်ဆုံးကျင်းပတဲ့ ဘက်မလိုက်အဖွဲ့ တပ်ရင်းညီလာခံ…။

သေလောထာ ဆွေးနွေးပွဲအပြီးမှာတော့ ထုံးစံအတိုင်း စော်လဲထာကို ပြန်လာပြီး ကိုမြင့်အောင်တို့အိမ်မှာပဲ ခဏတာစခန်းချပြန်ပါတယ်။ နောက် ၂ ရက်လောက် ကြာတဲ့အခါမှာတော့ စော်လဲထာ အပေါ်ဘက်ကို တနာရီလောက် စက်လှေမောင်းရတဲ့ ကိုနိုင်အောင်တို့ ဗဟိုရှိရာ ဒေါင်းဂွင်စခန်းဆီ ကျနော်တို့သွားပါတယ်။

၁၉၈၉ တုန်းက ကျနော်ရောက်ခဲ့ဖူးတဲ့ စောထာစခန်း၊ သံလွင်စခန်းတို့ရှိရာ ဥသုထာအရပ်ဆီ မရောက်ခင် သံလွင်မြစ်ဘေးတနေရာမှာ ကျွန်းသစ်တွေ၊ သစ်မာတွေနဲ့ အခိုင်မာ ဆောက်ထားတဲ့ စခန်းတခုကို တွေ့ရပါတယ်။

လှေ စဆိုက်ဆိုက်ချင်း ပထမဆုံးတွေ့ရတဲ့နေရာက ဒေါက်တာမြင့်ချို တာဝန်ယူထားတဲ့ ဗဟိုဆေးခန်းနဲ့ ဆေးတပ်ဆွယ်၊ ပြီးတော့ မိသားစုအိမ်တန်းတစု၊ အဲဒီတဲတန်း အလွန်မှာတော့ ကရင်မလင်မယားလို့ လူသိများတဲ့ ကိုအောင်သန်းတို့ မိသားစုနေထိုင်တဲ့ သစ်စက်တလုံး၊ သစ်စက်ဘေးရှိ ချောင်းလက်တက် သေးသေးလေးကို ကျော်လိုက်တဲ့အခါမှာတော့ ပြန်ကြားရေးဌာနပိုင် တဲတလုံးနဲ့ အဲဒီတဲရဲ့ နောက်ကျောမှာတော့ သားနားလှတဲ့ တောတွင်း စတူဒီယိုတခု။

သားနားတယ်ဆိုတာ တောထဲမှာမြင်နေရတဲ့ အဆောက်ဦတွေကြားမှာ နှိုင်းယှဉ်ပြောဆို ခြင်းသာဖြစ်ပြီး မြို့ပေါ်က စတူဒီယိုတွေနဲ့တော့ မနှိုင်းယှဉ်စေလိုပါ။ ၁၈-ပေ၊ ၁၀-ပေ ပတ်လည်လောက်ရှိတဲ့ တဲတလုံးသာဖြစ်ပြီး ထူးခြားတာကတော့ ကျွန်းသစ်ခင်း၊ ကျွန်းသစ်ကာထားတဲ့အပြင် ၃-ပေ လောက်ရှိတဲ့ မှန်ချပ်ကြီးကိုပါ တပ်ဆင်ထားတဲ့ စတူဒီယိုအသေးစားတခု ပါဝင်နေခြင်းပါ။

၈-ပေလောက်ရှိတဲ့ အဲဒီစတူဒီယိုဘေးက ၁၀-ပေလောက်ပိုနေတဲ့ နေရာကတော့ ဧည့်ရိပ်သာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဧည်သည်တွေဖြစ်တဲ့ ကျနော်တို့အဖွဲ့ အဲဒီစတူဒီယိုရှေ့မှာ ၂-ရက် ၃-ရက်ခန့် စခန်းချခဲ့တယ်ဆိုပါတော့။

ထပ်ဖြည့်ပြောရမယ်ဆိုရင် ဒီစတူဒီယိုဟာ DVB ရေဒီယိုကရတဲ့ ဘတ်ဂျက်ငွေနဲ့ ဆောက်ထားတယ်လို့သိရပြီး DVB အတွက် ဇာတ်လမ်းတွေ၊ သီးချင်းတွေ၊ သတင်းဆောင်းပါးတွေ ထုတ်လုပ်ပေးနေတဲ့နေရာ ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီမှာ တည်းခိုနေစဉ်မှာတောင် ရေဒီယိုဇာတ်လမ်း အသံသွင်းနေကြတဲ့ ဒေါင်းဂွင်စတူဒီယို ဝိုင်းတော်သားတွေနဲ့ တွေ့ခွင့်ရလိုက်ပါသေးတယ်။

အကွဲအပြဲကာလအတွင်း DVB ရေဒီယိုအတွက် ပရောဂျက်အားလုံးနီးပါးကို ကိုနိုင်အောင်တို့ ဗဟိုဖက်ကရရှိထားပြီး ဗဟိုပြန်ကြားရေးတာဝန်ခံ ကိုခင်မောင်ဝင်း (အခု DVB ဒုညွန်မှူး) က တာဝန်ယူ ဆောင်ရွက်နေတာလို့ သိရပါတယ်။

အဲဒီ စတူဒီယိုကိုကျော်ပြီး တောအုပ်တွေရှိရာ တောင်ကုန်းဘက် နည်းနည်းဆက်ဝင်လာတော့ ပေ-၅၀၊ ပေ-၂၀ ပတ်လည်လောက်ရှိတဲ့ သားနားလှတဲ့ မြေစိုက်ဗဟိုရုံးခန်းကို တွေ့ရပါတယ်။ ဒီရုံးခန်းထဲမှာ စားပွဲတင် တင်းနစ်ကစားတဲ့ ခုံတန်းကိုတွေ့ရပြီး ရုံးချိန်လွန်ရင်တော့ ဒီအဆောင်ဟာ ရုံးခန်းအဖြစ်ကနေ မိုးလုံလေလုံ အားကစားရုံအဖြစ် အသွင်ပြောင်းသွားလေ့ ရှိပါတယ်။

အဲဒီရုံးခန်းရဲ့နောက်ကျောမှာတော့ ဗဟိုကော်မီတီဝင်တွေနေတဲ့ တန်းလျားတခုကိုတွေ့ရပြီး ကျွန်းသစ်အတိုအစတွေနဲ့ အသေချာဆောက်၊ အသေချာ အခန်းဖွဲ့ထားတာကို တွေ့ရပါတယ်။ အဲဒီအဆောင်ရဲ့ဘေးမှာတော့ စားဖိုဆောင်၊ တခါ ဗဟိုရုံးကိုကျော်ပြီး သစ်တောထဲ ထပ်ဝင်သွားမယ်ဆိုရင် စစ်ရုံးချုပ်နဲ့ ရဲဘော်တွေရဲ့ ဘားတိုက်တွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဘက်ကိုတော့ ကျနော်မသွားဖြစ်လိုက်ပါ။

ဒေါင်းဂွင်မှာ တရက်တာ လေ့လာရေးအပြီး နောက်တရက်မှာတော့ ကိုမိုးသီးဇွန်တို့ဗဟိုက ကိုအောင်သူငြိမ်းတို့အဖွဲ့ ရောက်လာပြီး ပေါင်းစည်းရေး ဆွေးနွေးပွဲ တတိယ-အကြိမ်ကို ကျနော်တို့စတင်ခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ ဘာသဘောတူညီချက်မှမရပဲနဲ့ ဆွေးနွေးပွဲတွေကို ရပ်နားလိုက်ပြီး ဒီဆွေးနွေးချက်တွေကို သက်ဆိုင်ရာ ဗဟိုတွေအလိုက် ပြန်လည်ဆွေးနွေးတင်ပြကြဖို့၊ ပြီးတော့မှ နောက်တခါ ပြန်လည်တွေဆုံ ထပ်မံဆွေးနွေးကြဖို့ သဘောတူပြီး ကိုမိုးသီးဇွန်တို့အဖွဲ့နဲ့ ကျနော်တို့အဖွဲ့တွေ ကိုနိုင်အောင်တို့ရဲ့ ဒေါင်းဂွင်ဌာနချုပ်ကနေ ထွက်ခွာလာခဲ့ပါတယ်။

(၃) ကြားဝင်ညှိနှိုင်းမှုအတွေ့အကြုံ့နှင့် ဘက်မလိုက်အဖွဲ့ ဘက်လိုက်သွားခြင်း

မင်းသမီးစခန်းက ၈ လေးလုံးနှစ်ပတ်လည် အခမ်းအနားတခု…။

တကယ်တမ်း ပြောမယ်ဆိုရင်တော့ ကျနော်တို့ဘက်မလိုက်အဖွဲ့ဟာ နှစ်ဖက်ဗဟို ပြန်လည် ပေါင်းစည်းရေးအတွက် ကြားဝင်ညှိနိင်းပေးတယ်ဆိုပေမယ့် နိုင်ငံရေးညှိနှိုင်းမှု အတတ်ပညာနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှမတတ်၊ ဘာမှ မသိပါ။ ကြားဝင်ညှိနှိုင်းရေးအကြောင်းလည်း တခါမှ အသေချာ မလေ့လာဖူးခဲ့ပါ။

“ABSDF မကွဲပဲ တစုတစည်းတည်း ဖြစ်နေစေချင်တယ်” ဆိုတဲ့ စေတနာထက်ပိုပြီး ကျနော်တို့ ဘာမှမသိသလို ကျနော်တို့ရဲ့တင်ပြချက်ကို နှစ်ဖက်ဗဟိုက လက်ခံလိမ့်မယ်၊ ပေါင်းစည်းရေးညီလာခံ မကြာခင်လုပ်ဖြစ်ပြီး ABSDF တခုတည်း ပြန်ဖြစ်သွားလိမ့်မယ်၊ အဲဒီအချိန်ရောက်ရင် ကျနော်တို့ ဘက်မလိုက်အဖွဲ့ တာဝန်ကြေပြီလို့ စိတ်ကူးယဉ်ဆန်ဆန် မျက်စိမှိတ်ယုံကြည်ထားသလို ဖြစ်နေခဲ့ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင် ကျနော်တို့ရဲ့တင်ပြချက်ကို နှစ်ဖက်ဗဟိုက လက်မခံဘူးဆိုရင်၊ ဒါမှမဟုတ် နှစ်ဖက်မှာ တဖက်ကပဲ လက်ခံတယ်ဆိုရင် ကျနော်တို့ ဘာဆက်လုပ်မလဲဆိုတဲ့ Plan B အဆင့် စဉ်းစားထားချက်မျိုး မရှိပါ။

ဒီလိုနဲ့ ကျနော်တို့အဖွဲ့ မင်းသမီးစခန်းဆီ ပြန်ရောက်တော့ ဒီကိစ္စတွေကို ဆွေးနွေးဖို့ စုံညီအစည်းဝေး ခေါ်ရပါတယ်။ ဒီအချိန်မှာ ရန်ပုံငွေရတဲ့ ပင်လယ်ပြင်စစ်ကြောင်းကို ဦးစားပေးဆောင်ရွက်နေတာကြောင့် တပ်ရင်းမှူး၊ ဒုရင်းမှူး၊ ပင်လယ်ပြင် စစ်ကြောင်းမှူးတွေအားလုံး ရနောင်းနဲ့ ပင်လယ်ပြင်ထဲ ခရီးလွန်နေကြပါတယ်။

ကျနော်တို့ မင်းသမီးစခန်းဆီ ပြန်ရောက်ပြီး သတင်း ၃ ပတ်လောက်ကြာမှ လူစုံတဲ့အတွက် တပ်ရင်းညီလာခံကို စတင်ပါတယ်။ ဒီတခါ ညီလာခံက အရင်က ညီလာခံတွေလို နောက်လိုက်ပြောင်လိုက် စလိုက်ပုံစံမျိုး မဟုတ်တော့ပဲ အားလုံးက တခုခုကို စိုးရိမ်သလို ဖြစ်နေကြပါတယ်။

ဆိုလိုတာကတော့ ဘက်မလိုက်အဖွဲ့ရဲ့ တင်ပြချက်တွေကို နှစ်ဖက်ဗဟိုက မူအရလက်ခံတယ်ဆိုပေမယ့် တိကျတဲ့ လုပ်ငန်းစဉ် ဘာမှရမလာဘူး။ နောက်ထပ် ဘယ်လောက်ကြာမှ ဗဟို နှစ်ခုပြန်ပေါင်းမလဲဆိုတာကို ခန့်မှန်းလို့ မရနိုင်တဲ့အခြေနေမျိုးပါ။

ဒီလိုအခြေနေမှာ ကျနော်တို့တပ်ရင်း ဘယ်မလိုက်အဖြစ် ဘယ်လောက်ကြာကြာ ဆက်ရပ်နိုင်မလဲ၊ ဗဟို နှစ်ခုမပေါင်းမချင်း ဘက်မလိုက်အဖြစ် ဆက်ရပ်နိုင်ပါ့မလား၊ နေ့စဉ်ကြုံနေရတဲ့ အခက်ခဲတွေကို ရက်အကန့်အသတ်မရှိ ကျနော်တို့တောင့်ခံနိုင်ပါ့မလား။ ဘက်မလိုက်အဖွဲ့ ဗဟိုတခုခုနဲ့ပေါင်းပြီး ဘက်လိုက်တဲ့ဘ၀ ရောက်တော့မလားလို့ အားလုံးက စိုးရိမ်ထိတ်လန့်နေကြတာဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ဗဟို နှစ်ခုပြန်ပေါင်းအောင်ဆိုပြီး ကိုယ်စရိတ်ကိုယ်စိုက်၊ ဌာနချုပ်တွေဆီအထိသွားပြီး ကြားဝင်ညှိနှိုင်းခဲ့တဲ့ ကျနော်တို့ဟာ တကယ်လက်တွေ့မှာတော့ ဗဟို နှစ်ခုကို ပြန်ပေါင်းအောင် မလုပ်နိုင်တဲ့အပြင် ဘက်မလိုက်အဖွဲ့တောင် နှစ်ခြမ်းပြန်ကွဲသွားနိုင်တဲ့၊ ကြိုတင်မှန်းဆမထားတဲ့ ပြောင်းပြန်အခြေနေနဲ့ ရင်ဆိုင်လိုက်ရတယ်ဆိုပါတော့။

နိုင်ငံတကာသတင်းတွေ၊ စာအုပ်စာတမ်းတွေထဲမှာ ဖတ်ဖူးသလောက် ကြားဝင်ညှိနှိုင်းမှုဆိုတာဟာ ပြဿနာဖြစ်နေတဲ့ နှစ်ဖက်အုပ်စုနဲ့ မဆိုင်တဲ့ သီးခြားလွတ်လပ်တဲ့ စေ့စပ်ရေးပညာရှင်အဖွဲ့၊ ဘာသာရေးအဖွဲ့ သို့မဟုတ် နိုင်ငံခြားအစိုးရ တခုခုကနေ ကြားဝင် စေ့စပ်ပေးကြတာကိုသာတွေ့ရပြီး ကျနော်တို့လို့ ကွဲနေတဲ့ နှစ်ဖွဲ့ (တချို့ကတော့ ကျနော်တို့ကိုပါ စာရင်းထည့်ပြီး သုံးဖွဲ့လို့ ဆိုကြပါတယ်) ကြားမှာ အင်အားအနည်းဆုံး ဘက်မလိုက်အဖွဲ့က ဝင်စေ့စပ်ပေးတယ်ဆိုတာမျိုး မတွေ့ဖူးသေးပါဘူး။

တကယ်တမ်း ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ အင်အား ၁၀၀၀-ကျော်စီရှိနေတဲ့ ဗဟို နှစ်ခုဟာ သူဟာနဲ့ သူရပ်တည်ပြီး အဆင်ပြေနေချိန်မှာ အင်အား ၁၀၀-ကျော်သာရှိတဲ့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ တင်ပြချက်ကို ဘာကြောင့်များ သူတို့က နားထောင်ဖို့ လိုလိမ့်မလဲဆိုတာကို အဲဒီအချိန်က ကျနော်တို့ အသေအချာကြိုစဉ်းစားဖို့ သတိမရခဲ့ပါဘူး။

အမှန်တရားအပေါ် အခြေခံထားတဲ့ သဘောတရားနဲ့ အင်အားအပေါ် အခြေခံထားတဲ့ လက်တွေ့နိုင်ငံရေးအခြေနေ နှစ်ခုကွာဟချက်ကို အသေအချာ ခွဲခြားစိပ်ဖြာနိုင်စွမ်း အဲဒီကာလက ကျနော်တို့မှာ တကယ်မရှိခဲ့ပါ။

ဒီလိုနဲ့ ဘက်မလိုက်အဖြစ် ဆက်ရပ်မလား၊ ဘယ်အချိန်အထိ ရပ်မလဲ၊ ဗဟို နှစ်ခု ဘယ်အချိန် ပြန်ပေါင်းမယ်လို့ ဘယ်သူသိမလဲ၊ ပေါင်းကောပေါင်းကြဦးမှာလား၊ နေ့စဉ်ကြုံတွေနေရတဲ့ ရပ်တည်ရေး အခက်ခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ စသည်ဖြင့် သတင်းတပတ်ကြာ ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ဘက်မလိုက်အဖြစ် ဆက်ရပ်မလား၊ ကျနော်တို့ရဲ့ တင်ပြချက်တွေကို လက်ခံတဲ့သဘောရှိသူ၊ ဒါမှမဟုတ် နည်းနည်းနီးစပ်သူ ဒေါက်တာနိုင်အောင်တို့ ဗဟိုနဲ့ ပေါင်းမလားဆိုပြီး မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့ အဆင့်အထိ ရောက်လာပါတယ်။

ကိုယ်စားလှယ်အများစုက ဒေါက်တာနိုင်အောင်တို့ ဗဟိုနဲ့ပေါင်းဖို့ မဲပေးလိုက်တဲ့အတွက် ၁၉၉၃ သြဂုတ်လ ၈-ရက်နေ့ ၈-လေးလုံး နှစ်ပတ်လည် ၅ နှစ်ပြည့်နေ့မှာ အဲဒီ ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာပြီး ဘက်မလိုက်အဖွဲ့ဟာ ဒေါက်တာနိုင်အောင်ဗ-ဟိုနဲ့ ပေါင်းစည်း လိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတော့တယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လက်တွေ့နိုင်ငံရေးဆိုတာဟာ သဘောတရားပေါ် အခြေခံထားခြင်းသက်သက်မဟုတ်၊ အင်အားတွေ၊ အခြားအချက်အလက်များစွာအပေါ် အခြေခံထားခြင်းဖြစ်တယ်။ ပြန်လည်ပေါင်းစည်းရေးဆိုတာကို မူ-အားဖြင့် ဘယ်သူမှမငြင်း ပေမယ့် လက်တွေ့ပေါင်းစည်းဖို့အရေးမှာတော့ စေတနာသက်သက် တိုက်တွန်းနေရုံနဲ့မရဘူး၊ နိုင်ငံရေး-တော်လှန်ရေးဆိုတာ စိတ်ကူးယဉ်ဆန်နေလို့မရဘူးဆိုတာကို ဘဝပေးအသိနဲ့ ရင်းလိုက်ရတဲ့ သင်္ခန်းစာတွေ ရခဲ့တယ်လို့ ကျနော်ထင်ပါတယ်။

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၉) >>>>>

ထက်အောင်ကျော်