BREAKING
January 7, 2025

ဖမ်းဆီးခံရသည့် မူးဒူးရွာခံနှစ်ဦးပြန်လွတ်

November 11, 2024

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ မူးဒူးရွာတွင် နိုဝင်ဘာလ ၉ ရက်က စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် မူးဒူးဒေသခံ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများပြောသည်။

အဆိုပါဒေသခံနှစ်ဦးမှာ တစ်ရက်ကြာဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မူးဒူးရွာရှိ အိမ်တိုင်းနီးပါးကို ရိုက်ဖျက်ဝင်ရောက်ပြီး စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်များကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“အိမ်မှာ ဘီရိုတွေလည်း ရိုက်ဖျက်ထားတယ်။ နောက်ပြီး ရွာထဲက မွေးမြူရေးဝက်တွေကိုလည်း ပစ်သတ်ပြီး စားသောက်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းသည် မူးဒူးရွာတွင် တပ်စွဲခဲ့သည့် နိုဝင်ဘာလ ၉ရက်နှင့် ၁၀ရက် နှစ်ရက်တာအတွင်း လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ညကဆို ညတွင်းချင်း ပြေးရဖို့အထိတောင်ဖြစ်တယ်။ (မူးဒူးဘက်ကနေ) လက်နက်ကြီးနဲ့ ပစ်နေလို့” ဟု နဘုလယ်ဒေသခံတစ်ဦး ပြောသည်။

အင်အားတစ်ရာဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် မူးဒူးရွာ၏ အနောက်မြောက် ဘက် ငါးကီလိုမီတာခန့်အကွာတွင်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာအတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ ထိန်ကြီး၊ လဲရှောင် ကျေးရွာတို့မှ ဒေသခံအချို့မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ဒေသခံအချို့မှာ အခြေအနေစောင့်ကြည့်နေကြရကြောင်း ဒေသခံများက ဆိုသည်။