BREAKING
January 22, 2025

တနင်္သာရီတိုင်းတွင် ယခုသီတင်းပတ် မိုးဆက်ရွာဦးမည်

November 11, 2024

တနင်္သာရီတိုင်းတွင် ယခုသီတင်းပတ်အတွင်း မိုးဆက်ရွာဦးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၁ မှ ၁၇ ရက်အထိ တနင်္သာရီတိုင်းအပါအဝင် ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ (ကယား)၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ မွန် စသည့် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးရွာနိုင်ကြောင်း ဖော်ပြသည်။

မုတ်သုံရာသီပြီးဆုံးချိန်တွင် ပြီးခဲ့သည့်နှစ်ကထက် တောင်တရုတ်ပင်လယ်ပြင်နှင့် ပစ္စဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သော လေပွေလှိုင်းများ အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှုများပြားနိုင်သဖြင့် မိုးစပါးရိတ်သိမ်းချိန်တွင် ဖျက်မိုးကြုံရနိုင်သဖြင့် သတိပြုရန်လည်း အသိပေးထားသည်။

မိုးရွာသွန်းမှုများ ဆက်ရှိနေသေးသဖြင့် ရော်ဘာအစေးထုတ်လုပ်မှု ကောင်းကောင်းမလုပ်ဆောင်နိုင်သေးသလို စပါးရိတ်သိမ်းကာလတွင် လယ်ထဲ မိုးရေများရှိနေသဖြင့် စပါးရိတ်သိမ်း မရသေးဘဲဖြစ်နေကြောင်း ထားဝယ်ခရိုင်က တောင်သူအချို့က ပြောဆိုသည်။

“မိုးမပြတ်သေးလို့ အခုထိ ရော်ဘာမခြစ်ရသေးဘူး။ နောက်ကျတာက အတော်ကြီးကို နောက်ကျနေပြီ။ စပါးရိတ်လို့ရတဲ့ လယ်တွေလည်း လယ်ထဲရေရှိနေတော့ (စပါးရိတ်သိမ်းစက်) စက်ဝင်မရလို့ ရိတ်မရသေး” ဟု သရက်ချောင်းမြို့နယ်က တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးဆက်ရွာဦးမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၁ ရက်မှ ၂၀ ရက်အတွင်း တနင်္သာရီတိုင်းတွင် လေးရက်မှ ခြောက်ရက်ခန့်အထိ ရွာသွန်းမြဲထက်ပိုကာ မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြသည်။