BREAKING
October 16, 2024

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

October 11, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ

နယ်သာလန်က ယူကရိန်းကို ဒေါ်လာ သန်း ၄၄၀ ကူညီမယ်

နယ်သာလန်နိုင်ငံကာကွယ်ရေးဝန်ကြီး Ruben Brekelmans က ယူကရိန်းနိုင်ငံမြို့တော် ကိတ်ဗ်မြို့ကို လာရောက်ခဲ့ပြီး ဒေါ်လာ သန်း ၄၄၀ တန်ဖိုးရှိ ဒရုန်းယာဉ်ထုတ်လုပ်ရာမှာ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။

ဒရုန်းစီမံကိန်းက စစ်မြေပြင်မှာ အသုံးချဖို့ နှစ်နိုင်ငံနည်းပညာတွေ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။

ရင်းနှီးမြှုပ်နှံငွေတစ်ဝက်ကို နယ်သာလန်နိုင်ငံကသုံးစွဲပြီး ကျန်တစ်ဝက်ကိုတော့ ယူကရိန်းနဲ့ ကျန်နိုင်ငံတွေမှာ ခွဲဝေသုံးစွဲသွားမယ်လို့ ဆိုပါတယ်။

ရုရှားကျူးကျော်မှုစတင်ချိန်က နယ်သာလန်နိုင်ငံကနေ ယူကရိန်းကို ဒေါ်လာ ၁၁ ဘီလီယံ စစ်ရေးအထောက်အပံ့ပေးဖို့ ကတိပေးထားပြီး အခုချိန်ထိ ၄ ဘီလီယံခွဲလောက် ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားတို့က ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အချိန် ၂ နှစ်ခွဲကျော်လာခဲ့ပြီးတဲ့နောက်မှာ ယူကရိန်းဘက်က ရုရှားနယ်မြေတွေထဲထိ ပြန်လည်ကျူးကျော်တိုက်ခိုက်နေတာဖြစ်ပါတယ်။

Ref: euro news

………………………………..

ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုကြောင့် တရုတ်ဝန်ထမ်းနှစ်ဦး သေဆုံး

ပါကစ္စတန်တောင်ပိုင်း ကလာချီမြို့ လေဆိပ်အပြင်ဘက်မှာ လျှပ်စစ်ကုမ္ပဏီက တရုတ်ဝန်ထမ်းတွေလိုက်ပါလာတဲ့ ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် တရုတ် နိုင်ငံသား ၂ ဦးသေဆုံးခဲ့ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုကြောင့် နောက်ထပ် တရုတ်ဝန်ထမ်း ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုလို့ တရုတ်နိုင်ငံက ပြစ်တင်ပြောဆိုထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ပါကစ္စတန်ကို တိုက်တွန်းထားပါတယ်။

တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်တစ်ချို့လည်း ပျက်စီးသွားခဲ့တာပါ။

ဒါ့အပြင် ယာဉ်တန်းကို စောင့်ကြပ်လိုက်ပါလာတဲ့ ပါကစ္စတန်လုံခြုံရေး ဝန်ထမ်း ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရခဲ့ပါသေးတယ်။

Ref: Aljazeera

………………………………..

လက်ဘနွန်ကို အစ္စရေးက စစ်ဆင်ရေး တိုးချဲ့လာ

ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို နယ်စပ်ကနေ ပြန်တိုက်ထုတ်ဖို့ လက်ဘနွန် အနောက်တောင်ပိုင်းမှာ မြေပြင်စစ်ဆင်ရေးတွေကို အောက်တိုဘာလ ၈ ရက်နေ့က စတင်လိုက်ပြီလို့ အစ္စရေးဘက်က ကြေညာလိုက်ပါတယ်။

မြေပြင်စစ်ဆင်ရေးတွေကို စက်တင်ဘာလ ၃၀ ရက်နေ့က စခဲ့ပြီး နောက်ထပ် စစ်ဆင်ရေးတွေ တိုးချဲ့လာတာပါ။

နယ်စပ်တစ်လျှောက် ထိတွေ့တိုက်ပွဲပေါင်း ၈၃၀၀ ကျော်လောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်စစ်ဆင်ရေးမှာ လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်အပါအဝင် လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

လက်ဘနွန်မှာ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို ကျယ်ပြန့်လာပြီး လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah လည်း သေဆုံးခဲ့တာပါ။

ခေါင်းဆောင်သေဆုံးပြီး နောက်ထပ် ဆယ်ရက်လောက်အကြာမှာ တိုက်ခိုက်မှုတွေ ပိုမိုတိုးချဲ့လာတာ ဖြစ်ပါတယ်။

Ref: DW

………………………………..

အမေရိကန်မှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း စတင်ဝင်ရောက်

အင်အားပြင်း Milton ဟာရီကိန်းမုန်တိုင်းက အောက်တိုဘာလ ၁၀ ရက်နေ့မှာ အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

မုန်တိုင်းဗဟိုချက်ဟာ ဖလော်ရီဒါပြည်နယ် အနောက်အလယ်ပိုင်း ကမ်းရိုးတန်းကို တိုက်ခတ်လာခဲ့တာပါ။

မုန်တိုင်းကြောင့် အိမ်ခြေ ၂ သန်းလောက် လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။

ဒီဟာရီကိန်းမုန်တိုင်းက ဖလော်ရီဒါပြည်နယ် အနောက်အလယ်ပိုင်း ဒေသမှာ ထိခိုက်ပျက်စီးမှုအများဆုံး ဖြစ်နိုင်တဲ့ မုန်တိုင်းတစ်ခုအနေနဲ့ စံချိန်တင်နိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။

လေပြင်းမုန်တိုင်းကြောင့် ဖလော်ရီဒါ အနောက်ကမ်းရိုးတမ်း ပင်လယ်ရေ ၁၅ ပေအထိ မြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဟာရီကိန်းမုန်တိုင်း Milton ဟာ အောက်တိုဘာ ၈ ရက်နေ့မှာ တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၆၀ ကျော်နှုန်းနဲ့ တိုက်ခတ်နေတာကြောင့် အဆင့် ၅ အဖြစ် သတ်မှတ်ထားပါတယ်။

Ref: AP

………………………………..

ဓါတုဗေဒ၊ ရူပဗေဒ၊ ဆေးဖက်ဆိုင်ရာနဲ့ စာပေနိုဘယ်ဆုတွေ ကြေညာ

သက်ရှိတွေရဲ့ ဘဝ ရှင်သန်ရေး အခြေခံဆဲလ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်း အာဟာရဓါတ် ဖြစ်တည်မှုကို သုတေသနလုပ်ခဲ့တဲ့ ပညာရှင် ၃ ဦးကို ဓါတုဗေဒ နိုဘယ်ဆုရှင်တွေအဖြစ် ကြေညာခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် တက္ကသိုလ်က David Baker နဲ့ လန်ဒန် Google Deepmind ဌာနမှာ အလုပ်လုပ်ကိုင်နေကြတဲ့ Demis Hassabis နဲ့ John Jumper တို့ ပညာရှင်သုံးဦးကို ၂၀၂၄ ခုနှစ် ဓါတုဗေဒ နိုဘယ်ဆုရှင်တွေအဖြစ် ရွေးချယ်လိုက်တာပါ။

သူတို့က သတ္တဝါတွေ အသက်ရှင်နေထိုင်ဖို့ အရေးပါတဲ့ အမိုင်နိုအက်ဆစ်ရဲ့ အကျိုးဆက်နဲ့ ပရိုတိန်းဓါတ် တည်ဆောက်မှုအကြား ဆက်နွယ်မှုကို သုတေသန လုပ်ခဲ့တဲ့ ပညာရှင်တွေဖြစ်ပါတယ်။

ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို AI နည်းပညာ အခြေခံ ဖော်ထုတ်ခဲ့တဲ့ ပညာရှင် ၂ ဦးကို ချီးမြှင့်ခဲ့ပါတယ်။

ဆုအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါက ရူပဗေဒပညာရှင် John Hopfield နဲ့ Geoffrey Hinton တို့နှစ်ဦးကို ပူးတွဲချီးမြှင့်လိုက်တာပါ။

ဉာဏ်ရည်တုအသုံးပြုစက်တွေက သင်ယူနိုင်မယ့် အခြေခံဖန်တီးမှုဆိုင်ရာ ရှာဖွေတွေ့ရှိမှုနဲ့ တီထွင်မှုတွေအတွက် ၂၀၂၄ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ ရွေးချယ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

ဆေးဖက်ဆိုင်ရာ နိုဘယ်ဆုအတွက် သက်ရှိတွေရဲ့ မျိုးဗီဇစနစ်နဲ့ ပတ်သက်လို့ တွေ့ရှိချက် အသစ်တွေကို ဖော်ထုတ်နိုင်ခဲ့ကြတဲ့ အမေရိကန် ပညာရှင် ၂ ဦးကို ပူးတွဲချီးမြှင့်လိုက်ပါတယ်။

မျိုးဗီဇတွေ အလုပ်လုပ်တဲ့စနစ်ရဲ့ အခြေခံဖြစ်တဲ့ microRNA ကို ရှာဖွေဖော်ထုတ်ခဲ့ကြတဲ့ Victor Ambros နဲ့ Gary Ruvkun တို့ကို နိုဘယ်ဆေးပညာဆုချီးမြှင့်ခဲ့တာပါ။

မျိုးဗီဇ အခြေခံတွေရဲ့ အလုပ်လုပ်ပုံတွေကို ဖော်ထုတ်နိုင်ခဲ့တာဟာ ဆေးပညာမှာ အရေးပါတာကြောင့် အခုလို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွက် နိုဘယ်စာပေဆုကို တောင်ကိုရီးယားစာရေးဆရာမ Han Kang က ရရှိသွားခဲ့ပါတယ်။

၁၉၉၃ ခုနှစ်ကတည်းက စာပေမဂ္ဂဇင်းတွေမှာ စာတွေရေးခဲ့တဲ့ Han Kang ဟာ နိုဘယ်စာပေဆုကို ရတဲ့ ပထမဦးဆုံး တောင်ကိုရီးယားနိုင်ငံသူ ဖြစ်ပါတယ်။

သမိုင်းဒဏ်ရာတွေကို ရင်ဆိုင်ခဲ့တဲ့ ကဗျာဆန်တဲ့ စာသားတွေနဲ့ လူ့အသက်ရဲ့ ထိလွယ်ရှလွယ်ပုံကို ထင်ဟပ်စေတဲ့ အရေးအသားတွေကြောင့် ဆုချီးမြှင့်ခံရတာလို့ ဆိုပါတယ်။

နိုဘယ်ဆုတွေအတွက် အမေရိကန်ဒေါ်လာ ၁ သန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

နောက်ထပ် နိုဘယ်ငြိမ်းချမ်းရေးဆု၊ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုတွေ ကြေညာဖို့ ရှိနေပါသေးတယ်။

Ref: REUTERS

………………………………..

မလေးရှားမှာ အမျိုးသမီးလို ဝတ်ဆင်တဲ့ နိုင်ငံခြားသားနှစ်ဦး ဒဏ်ငွေ ရိုက်ခံရ

မလေးရှားနိုင်ငံမှာ အမျိုးသမီးပုံစံ ဝတ်စားထားတဲ့ နိုင်ငံခြားသားအမျိုးသားနှစ်ဦးက ဝတ်စားဆင်ယင်မှု မသင့်လျော်ဘူးဆိုပြီး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမှုနဲ့ ဒဏ်ငွေ ရင်းဂစ် ၅၀၀၀ စီ ပေးဆောင်ရန် ချမှတ်ခံလိုက်ရပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်တဲ့ လမ်းလျှောက်ပွဲတော်တစ်ခုမှာ အမျိုးသမီးအဝတ်အစားတွေ ဝတ်ဆင်ခဲ့မှုနဲ့ ထိုင်ဝမ်နဲ့ အိန္ဒိယအမျိုးသားနှစ်ဦးက စွဲချက်တင်ခံထားရတာပါ။

ဒီလိုဝတ်စားထားခဲ့လို့လည်း မလေးရှားနိုင်ငံသားတွေနဲ့ မလေးရှားလူမျိုးတွေကို တောင်းပန်တယ်လို့ အမျိုးသားတွေက ဆိုပါတယ်။

အိန္ဒိယနိုင်ငံသားကတော့ ဒီလိုပွဲတော်မျိုးမှာ အမျိုးသားတွေက အမျိုးသမီးအဝတ်အစားတွေ ဝတ်ဆင်တာ မထူးဆန်းဘူးလို့ ဆိုပါတယ်။

Ref: south china morning post

………………………………..

ဗြိတိန်မှာ လူဦးရေ တစ်ရာခိုင်နှုန်းတိုးလာ

ဗြိတိန်နိုင်ငံမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ တစ်နှစ်တာအတွင်း စံချိန်တင် တစ်ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း လူဦးရေ ၁၂ သန်းကျော် တိုးလာစေခြင်းက အခြေချနေထိုင်သူများကြောင့်လို့ အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ နှစ်လယ်မှာ ခန့်မှန်းခြေ လူဦးရေ ၆၈ ဒသမ ၃ သန်းခန့် နေထိုင်ခဲ့တာပါ။

ဒီလူဦးရေစာရင်းက နှစ်တိုင်း ၆၆၂၄၀၀ ဒါမှမဟုတ် ၁ ရာခိုင်နှုန်း တိုးလာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လူဦးရေ တိုးလာရခြင်းက တရားမဝင်နှင့် တရားဝင် အခြေချ နေထိုင်သူတွေကြောင့်လို့ ဆိုပါတယ်။

ခန့်မှန်းအနေနဲ့ လူပေါင်း ၁ သန်းကျော်က ဗြိတိန်ပြင်ပကနေ ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး ၂၀၂၃ နှစ်လယ်ပိုင်းအထိ ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: Reuters

………………………………..

ဒရုန်းများဖြင့် အီမိုဂျီအများဆုံးပြုလုပ်နိုင်သူအဖြစ် ကင်ဆာရောဂါသည်က စံချိန်တင်

ကင်ဆာရောဂါ ကုသမှုခံယူနေတုန်း ဒရုန်းပျံသန်းခြင်းပညာကို လေ့လာလိုက်စားခဲ့တဲ့ ဗြိတိန်အမျိုးသားတစ်ဦးဟာ ၃ မိနစ်အတွင်း ဒရုန်းတွေအသုံးပြုပြီး မျက်နှာအမူအယာပုံစံ အီမိုဂျီအများဆုံး ဖန်တီးနိုင်သူအဖြစ် ဂင်းနက်စ် စံချိန် တင်ခဲ့ပါတယ်။ 

ခရစ္စတိုဖာဘရက်ဒ်ဘာရီဟာ ၂၀၀၇ ခုနှစ်ကစပြီး လေယာဉ်နမူနာပုံစံငယ်တွေကို စမ်းသပ်ပျံသန်းခဲ့တာပါ။

ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်ကုသမှု ခံယူနေတုန်း ကိုယ်လက် လှုပ်ရှားမှုလည်း ဖြစ်အောင်၊ စိတ်ပြေလက်ပျောက်လည်းဖြစ်အောင် လေယာဉ်နမူနာပုံစံငယ်တွေကို ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

သူက ဒရုန်း ၁၀၉ စီး အသုံးပြုပြီး ၃ မိနစ်အတွင်း အီမိုဂျီ ၃၀ ဖန်တီးကာ ဂင်းနက်စ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ယခင်စံချိန်ဟောင်းမှာ အီမိုဂျီ ၂၄ ခုနဲ့ စံချိန်တင်ထားတာဖြစပါတယ်။

Ref: Guinnes World Record

………………………………..