BREAKING
January 11, 2025

ကနက်သီရိ အရှေ့ကျောင်းဆရာတော်ရုပ်ကလာပ် ရွာသို့ပြန်မပင့်ဘဲ ထားဝယ်တွင် ဈာပနကျင်းပမည်

October 11, 2024

သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာ အရှေ့ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ မထေရ်၏ စျာပနကို အောက်တိုဘာလ ၁၂ရက် နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ ဘုန်းကြီးပျံကုန်း၌ ကျင်းပမည်ဖြစ်ကြောင်း တပည့်၊ တကာများထံမှ သိရသည်။

ဆရာတော် ဘဝနတ်ထံပျံလွန်ချိန်တွင် သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီဖြစ်သည်။

ဆရာတော်သည် ၂၀၂၂ ခုနှစ်မှစ၍ ကျန်းမာရေးကိစ္စအတွက် အရေးပေါ်သွားရန် နယ်မြေအနေအထား အခက်အခဲကြောင့် ဆရာတော်၏ ငယ်ဆရာကျောင်းဖြစ်သည့် ထားဝယ်မြို့၊ ဘုရားကြီးတိုက်ကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးနေကြောင်း တပည့်၊ တကာတို့က ပြောသည်။

ဘုရားကြီးတိုက်ကျောင်းတွင် သီတင်းသုံးနေစဉ် အောက်တိုဘာလ ၈ ရက်ညတွင် ၉၆ပါးရောဂါဖြင့် ပျံလွန်တော်မူကြောင်း ၎င်းတို့က ဆိုသည်။

“ဆရာတော်ရဲ့ ရဟန်းတပည့်၊ တကာတပည့်နဲ့ အဝေးရောက်တပည့်တွေ အားလုံးသဘောတူဆုံးဖြတ်ချက်နဲ့ ရွာပြန် မသယ်ဘဲ မြို့မှာပဲ တင့်တင့်တယ်တယ်လုပ်ဖို့ စီစဥ်ဖြစ်လိုက်တယ်။ ရွာမှာက လေယာဥ်ဗုံးကြဲပြီးကတည်းက လူထက်ဝက် လောက်တောင် ပြန်ဝင်မနေကြသေးဘူး။ အဓိက နယ်မြေအနေအထားကြောင့်ပဲ အခုလိုစီစဥ်လိုက်တယ်” ဆရာတော်၏ တပည့်တစ်ဦးက ပြောသည်။

ဆရာတော်သည် ရေဖြူမြို့နယ်၊ ပုလဲကူရွာဇာတိဖြစ်ပြီး ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်တွင် ပညာသင်ပြီးနောက် ကနက်သီရိရွာအရှေ့ကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် နှစ်ပေါင်းသုံးဆယ်ကျော် သီတင်းသုံးခဲ့သည်။

“၂၀၂၂ မှာ ကိုဗစ်ဖြစ်လိုက်တယ်။ အဲဒီကတည်းက ကျန်းမာရေးက တစ်ခုပြီးတစ်ခု ယိုယွင်းလာတယ်။ ဆရာတော်က ဖုန်းပြောရင် အမြဲပြောတယ်။ တကယ်လို့ သေသွားရင် ရွာကိုလည်း ပြန်သယ်မနေနဲ့။ သေလည်း ဒီမှာပဲ သေလိုက်တော့ မယ်လို့ စကားအဖြစ်တော့ အမြဲပြောဖြစ်နေတယ်” ဟု အဝေးရောက်တပည့်တစ်ဦးက ပြောသည်။

ဆရာတော်သည် နန်းတော်ရာသံဃာပါဝါရဏာဂိုဏ်းဝင် ရဟန်းတော်ဖြစ်သဖြင့် ဂိုဏ်းစည်းကမ်းအရ စျာပနအား ဘုရားကြီးတိုက်တွင် ငါးရက်ကြာအပူဇော်ခံထားရှိကြောင်း တပည့်၊ တကာများထံမှ သိရသည်။

ယခုနှစ် မေလက သရက်ချောင်းမြို့နယ်၊ ပဲဒက်စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲပြီးနောက် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကနက်သီရိရွာကို စစ်ကောင်စီက လေကြောင်းဖြင့် လေးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ယင်းနောက် ကျေးရွာအတွင်းသို့ ရွာသားအချို့သာ ပြန်လည်ဝင်ရောက်နေထိုင်ပြီး အချို့ကမူ နေရပ်မပြန်ကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၃ ခုနှစ်ကလည်း မေတ္တာမြို့နယ်၊ ဟိန္ဒားဗောဓိကုန်းဆရာတော်၏ စျာပနကို နယ်မြေမတည်ငြိမ်သဖြင့် ရပ်ရွာသို့ ပြန်မပင့်ဆောင်နိုင်ဘဲ ထားဝယ်မြို့ပေါ်တွင် စျာပနကျင်းပခဲ့ရသည်။