BREAKING
October 16, 2024

အာဖရိက ဆာဟာရသဲကန္တရအောက်ပိုင်း နိုင်ငံများတွင် နှစ်စဉ် အမျိုးသမီး ၇၉ သန်းကျော် မုဒိမ်းကျင့်ခံနေရ

October 11, 2024

ကမ္ဘာပေါ်တွင် အမျိုးသမီးရှစ်ဦးလျှင် တစ်ဦးမှာ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခံရဖူးသူများဖြစ်ပြီး ဆာဟာရသဲကန္တရအောက်ပိုင်း အာဖရိကနိုင်ငံများတွင် အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ (ယူနီဆက်) က ထုတ်ပြန်လိုက်သည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ခန့်မှန်းဖော်ပြထားသည့် အစီအရင်ခံစာကို ပထမဆုံးအကြိမ်အဖြစ် ယူနီဆက်ဖ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။ ကျူးလွန်ခံရသူများတွင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများက ဒုတိယလိုက်နေသည်။

ပဋိပက္ခနှင့် မလုံခြုံမှုဒဏ်ခံစားနေရသည့် ဆာဟာရသဲကန္တရအောက်ပိုင်း တောင်အာဖရိကနိုင်ငံများတွင် အမျိုးသမီးငယ် ၇၉ သန်းကျော်မှာ အသက် ၁၈ မပြည့်မီကတည်းက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် မုဒိမ်းမှုကျူးလွန်ခြင်းကို ခံစားခဲ့ရသူများ ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရပြီး စိတ်ဒဏ်ရာရဖူးသည့် မိန်းကလေးများသည် စာသင်ခန်းတွင် လေ့လာသင်ယူမှုပြုလုပ်ရန် မကြာခဏ အခက်ကြုံရလေ့ရှိကြောင်း ယူနီဆက်ဖ်၏ ကလေးသူငယ်အကြမ်းဖက်မှုဆိုင်ရာ အထူးကျွမ်းကျင်သူ Nankali Maksud က ဆိုသည်။

ကမ္ဘာပေါ်တွင် အမျိုးသမီး သန်း ၃၇၀ ဝန်းကျင်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရဖူးသူများ ဖြစ်သည်။ ကမ္ဘာပေါ်က အမျိုးသမီးရှစ်ဦးလျှင် တစ်ဦးနှုန်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဒဏ်ကို ခံစားခဲ့ရဖူးသည်ဟု အဆိုပါ ကိန်းဂဏန်းက ဖော်ပြနေသည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ထိပါးပြောဆိုမှုများနှင့် အွန်လိုင်းမှတစ်ဆင့် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုပါ ထည့်တွက်လျင် အထက်ပါကိန်းဂဏန်းမှာ ကျူးလွန်ခံရသူအမျိုးသမီးပေါင်း ၆၅၀ သန်းအထိ မြင့်တက်သွားသည်။

ကလေးသူငယ်ဘဝတွင် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို တွေ့ကြုံခံစားခဲ့ရဖူးသည့် အမျိုးသားအရေအတွက်မှာလည်း ၂၄၀ သန်းနှင့် ၃၁၀ သန်းအကြား ရှိနေသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း အင်စတီကျုးရှင်းများ ယိုင်နဲ့ပြိုလဲနေပြီး ပဋိပက္ခဒဏ်ခံစားနေရသည့် နိုင်ငံများတွင် အဆိုပါ ကျူးလွန်ခံရမှုနှုန်းမှာ အမြင့်ဆုံးဖြစ်သည်။ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ ဒေသပထဝီ၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဘောင်အကန့်အသတ်များကို ကျော်လွန်၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်ကို အချက်အလက်များက ဖော်ပြနေသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရဖူးသည့် အမျိုးသမီးပမာဏမှာ ဆာဟာရသဲကန္တာရအောက်ပိုင်း အာဖရိကနိုင်ငံများတွင် ၇၉ သန်း ရှိ၍ အများဆုံးဖြစ်သည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ခံစားခဲ့ရဖူးသည့် အမျိုးသမီးပမာဏမှာ အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ၇၅ သန်း ရှိ၍ တကမ္ဘာလုံးအတိုင်းအတာဖြင့် ဒုတိယလိုက်နေသည်။
ဗဟိုအာရှနှင့် တောင်အာရှနိုင်ငံများတွင် ကျူးလွန်ခံရသူ အမျိုးသမီး ၇၃ သန်း ရှိပြီး ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ၆၈ သန်း ရှိသည်။

လက်တင်အမေရိကနှင့် ကာရစ်ဘီယန်ပင်လယ်ဒေသများတွင် ကျူးလွန်ခံရသူ အမျိုးသမီး ၄၅ သန်း၊ မြောက်အာဖရိကနှင့် အနောက်အာရှတွင် ၂၉ သန်း နှင့် သမုဒ္ဒရာဒေသနိုင်ငံများတွင် ၆ သန်းရှိကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Ref: Al Jazeera