BREAKING
October 16, 2024

၁၉၄၅ နယူကလိယား ဗုံးဒဏ်မှ ရှင်သန်ခဲ့သူများ အသင်း ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ခံရ

October 11, 2024

၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဂျပန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Nihon Hidankyo အဖွဲ့အစည်းကို ချီးမြှင့်လိုက်သည်။

ယင်းအဖွဲ့ကို ၁၉၄၅ ခုနှစ်တွင် နယူကလိယား ဗုံးဒဏ်ထိခဲ့သော ဟီရိုရှီးမားနှင့် နာဂါစကီတို့မှ ရှင်ကျန်ခဲ့သူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နောက်ထပ် နယူကလိယား ဗုံးအသုံးမပြုရေး ထိုလူထု လှုပ်ရှားမှုကို ဟိဘကုသျှဟုလည်း ခေါ်သည်။

နယူကလိယားလက်နက်ဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ရသူများ၏ သက်သေခံထွက်ဆိုချက်များမှ တစ်ဆင့် နယူကလိယားကို နောက်တစ်ကြိမ်ထပ်မံအသုံးပြုတိုက်ခိုက်ခြင်း မရှိစေရန် ကြိုးပမ်းအားထုတ်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို Nihon Hidankyo အဖွဲ့အစည်းကို ပေးအပ်ချီးမြှင့်ခြင်းနှင့်အတူ ဟီရိုရှီးမားနှင့် နာဂါဆကီမှ နျူကလီယားဗုံးဒဏ်ကို လွတ်မြောက်အသက်ရှင်ခဲ့သူများကို ဂုဏ်ပြုလိုကြောင်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီမှ ထုတ်ပြန်ခဲ့သည်။

၁၉၄၅ ခုနှစ်က နယူကလိယားဗုံး တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် Nihon Hidankyo အဖွဲ့သည်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို ဦးဆောင်ပုံဖော်ခဲ့ကြသည်။

နယူကလိယားဗုံးအသုံးပြုတိုက်ခိုက်ခြင်း၏ ကမ္ဘာပျက်ကိန်းဆန်သည့် နောက်ဆက်တွဲဆိုးကျိုးများကို ကမ္ဘာသူကမ္ဘာသားများ သိရှိလာစေရန် မနားမနေ ကြိုးစားပမ်းစား အားထုတ်ခဲ့ကြောင်း ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်သည်။

အဆိုပါ အဖွဲ့၏ ကြိုးပမ်းမှုကြောင့် တဖြည်းဖြည်းနှင့် ကမ္ဘာပေါ်တွင် “The nuclear taboo”ဆိုသည့် စကားလုံးပေါ်ထွက်လာသည်။

နယူကလိယားလက်နက်အသုံးပြုခြင်းကို လူသားကျင့်ဝတ်အရ လက်ခံနိုင်ဖွယ်မရှိသည့် အရာတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာကြသည်။

ဟီရိုရှီးမားနှင့် နာဂါဆကီမြို့မှ နယူကလိယားဗုံးဒဏ်ကို မျက်မြင်ကိုယ်တွေ့ကြုံခံစားရပြီး အသက်ရှင်ခဲ့သူများ၏ ဖွင့်ဟပြောဆိုချက်များ၊ ၎င်းတို့၏ အတွေ့အကြုံအပေါ် အခြေခံထားသည့် ပညာပေးကမ်ပိန်းများကို အသုံးပြုကာ နယူကလိယားလက်နက်များ ပြန့်နှံ့လာမှုကို အရေးပေါ်သတိပေးမှုများ ပြုလုပ်ခဲ့ကြသည်။

နယူကလိယားလက်နက်များ အသုံးပြုမှုကို အရေးပေါ် ကန့်ကွက်ဆန့်ကျင်ခဲ့ကြသည်။

Nihon Hidankyo အဖွဲ့သည် ကိုယ်တွေ့ခံစားခဲ့ရသူများ၏ ဖွင့်ဟပြောဆိုချက်များကို လူအများအကြား ပျံ့နှံ့လာအောင် ကြိုးပမ်းခဲ့ပြီး နယူကလိယားလက်နက်ဆန့်ကျင်ရေးအတွက် လူထုတောင်းဆိုချက်များ ပေါ်ထွက်လာအောင် ကြိုးပမ်းခဲ့သည်။ နယူကလိယားလက်နက်ဆန့်ကျင်ရေးအတွက် ကုလသမဂ္ဂသို့ နှစ်စဉ်ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

ကိုယ်ကာယဒုက္ခများနှင့် နာကျင်စရာမှတ်ဉာဏ်များကို ခံစားခဲ့ရသော်လည်း သူတို့သည် သူတို့၏ အရင်းအနှီးကြီးမားသည့် အတွေ့အကြုံကို အသုံးပြုပြီး မျှော်လင့်ချက်နှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုခဲ့ကြောင်း ဆုရွေးချယ်ရေး ကော်မတီက သုံးသပ်သည်။

ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂစကီမြို့တို့ကို အမေရိကန်က နယူကလိယား ဗုံးဖြင့် ကြဲချမှုကြောင့် လူတစ်သိန်းခွဲနှင့် နှစ်သိန်းခွဲကြား သေဆုံးခဲ့သည်။

ဆုချီးမြှင့်ခံရသော အဖွဲ့သည် အမေရိကန်ဒေါ်လာ ၁.၁ သန်းနှင့် ညီမျှသော ဆွီဒင်ခရိုနာငွေ ၁၁ သန်း ရရှိမည်ဖြစ်သည်။