BREAKING
January 11, 2025

သရက်ချောင်းတွင် သန်းခေါင်စာရင်းကောက်မည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်အပါအဝင်ကိုးဦး ဖမ်းဆီးခံရ

October 11, 2024

သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် ပြင်ဆင်နေသည့် ရန်တောင်ရွာအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ၊ မူလွန် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများအပါအဝင် ကိုးဦးကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသခံအချို့နှင့် သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တို့ထံမှ သိရသည်။

သန်းခေါင်စာရင်းကောက်ခံရာတွင် ပါဝင်သည့် ကျောင်းဆရာမတစ်ဦးကို အောက်တိုဘာလ ၉ ရက်တွင် ဖမ်းဆီးခဲ့ပြီးနောက် ယင်းနေ့တွင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းဆရာ၊ ဆရာမတို့ကို ထပ်မံဖမ်းဆီးခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၏တာဝန်ရှိသူ ကိုသစ္စာရှင်က ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ရန်တောင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဇနီးဒေါ်သန်းစိုး၊ ရန်တောင်ရွာ မူလွန်ကျောင်း အုပ်ဆရာကြီး ဦးသီးဖေနှင့် ကျောင်းဆရာမနှစ်ဦး၊ သရက်နှစ်ခွရွာက ဆရာမနှစ်ဦး၊ မဲနယ်အိုးရွာက ဆရာမတစ်ဦး၊ ပန်းချီရှောင်ရွာက အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းတို့ကို သရက်ချောင်းမြို့နယ် ပကဖ တွင် ပါဝင်ဖွဲ့စည်းထားသည့် ဒေါင်းညီနောင်စစ်ကြောင်းက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကိုသစ္စာရှင်က ဆိုသည်။

“သူတို့ကို ဖမ်းရတဲ့အကြောင်းရင်းက သန်းခေါင်စာရင်းအတွက် သင်တန်းတက်ရာမှာ ပါတယ်။ သန်းခေါင်စာရင်းကောက်ဖို့ အတွက် ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတယ်။ သက်သေနဲ့တကွ အချက်အလက်တွေပါ အကုန်လုံးရလာတယ်။ တစ်ယောက်ဖမ်းလိုက်တာနဲ့ သူတို့က အားလုံးကိုဖော်လိုက်တယ်” ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၉ရက် မွန်းတည့်ပိုင်းတွင် နေအိမ်များ၌ လာရောက်ဖမ်းဆီးသွားကြောင်း ရန်တောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“သန်းခေါင်စာရင်းကောက်ဖို့ လုပ်နေလို့ ဖမ်းတာပေါ့။ တို့ရွာမှာတော့ မကောက်သေးဘူး။ သူများရွာမှာ လိုက်ကောက်နေ တယ်။ တို့ရွာလည်း ကောက်ဖို့ပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၁ရက် နံနက်တွင် ပိန်းတော၊ ပန်းပြင်၊ မဲနယ်အိုးရွာဘက်တွင် စစ်ကောင်စီတပ်က လမ်းတစ်လျှောက် လုံခြုံရေးတင်းကျပ်ကာသန်းခေါင်စာရင်းကောက်နေပြီး သေနတ်ပစ်ခတ်သံများလည်း ကြားရကြောင်း ပိန်းတောကျေးရွာက အမျိုးသားတစ်ဦးက ဆိုသည်။

“တိုက်ပွဲ မဟုတ်ဘူး။ စစ်တပ်က သူတို့ဘာသာသူတို့ တစ်ဖက်သတ်ပစ်တာ။ သန်းခေါင်စာရင်း လိုက်ကောက်နေတယ်။ တို့အိမ်နားမှာကို အခုထိရှိနေသေးတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သူများကို ရန်သူအဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပကဖက အောက်တိုဘာလ ၇ ရက်တွင် သတိပေးစာ ထုတ်ထားသည်။