ထိုင်းနိုင်ငံတွင် ရိုးရာကစားနည်းများအပါအဝင် လောင်းကစားနည်း ၂၃ မျိုးကို အချိန်ကန့်သတ်ချက်ဖြင့် တရားဝင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ယနေ့ အောက်တိုဘာလ ၁၁ ရက်တွင် လက်မှတ်ထိုးထုတ်ပြန်သည်။
ရိုးရာကစားနည်းများ၊ အားကစားနည်းများ၊ ပြိုင်ပွဲများပါဝင်သော လောင်းကစားနည်း ၂၃ မျိုးကို တရားဝင် ခွင့်ပြုပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းထားခြင်းကို ထိုင်းဘုရင့်နန်းတော်က အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
လောင်းကစားနည်းများတွင် ရိုးရာနွားပြိုင်ပွဲ၊ လက်ဝှေ့နှင့် နပန်းပွဲ၊ ကွင်းပစ်ကစားနည်း၊ တရုတ်ကစားနည်းဖြစ်သော Mahjong နှင့် ဖဲချပ်ကစားနည်းများကို တရားဝင် အချိန်အကန့်အသတ်ဖြင့် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ရိုးရာနွားပြိုင်ပွဲကို နံနက် ၇ နာရီမှ ည ၇ နာရီအထိ၊ လက်ဝှေ့နှင့် နပန်းပွဲများကို နေ့လယ် ၁၂ မှ ည ၁၂ အထိ၊ ကွင်းပစ်ကစားနည်းကို နံနက် ၇ နာရီမှ ည ၁၂ အထိနှင့် ကျန်သော Mahjong နှင့် ဖဲချပ်ကစားနည်းများကို တနင်္ဂနွေနေ့တွင် နေ့လယ် ၁၂ မှ ည ၁၂ အထိ၊ ကျန်နေ့များတွင် ညနေ ၆ နာရီမှ ည ၁၂ အထိ တရားဝင် ကစားရန် ခွင့်ပြုထားသည်။
ခွင့်ပြုပေးလိုက်သော ဖဲချပ်ကစားနည်းများတွင် ပိုကာ (Poker) ကစားနည်းများ ပါဝင်လာကြောင်း သိရသည်။
ထို့အပြင် အခြားလောင်းကစားနည်းများဖြစ်သော Bingo၊ မိုနိုပိုလီကဲ့သို့ ကတ်ထူကစားနည်းများ၊ အံစာတုံးပစ်ဂိမ်းများ၊ သေနတ်ပစ်၊ ငါးဖမ်းနှင့် လှေပြိုင်ပွဲများကိုလည်း တရားဝင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းတော်ဝင်ထုတ်ပြန်ချက်အရ သိရသည်။
Ref: Thai Enquirer, Khoasod English, Matichon Online