BREAKING
January 28, 2025

ထိုင်း-မြန်မာနယ်စပ် ဆိပ်ဖူးရွာတွင် အမျိုးသားတစ်ဦးပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးနေဟု ကော့သောင်းပကဖပြော

October 11, 2024

ပုံစာ - ဆိပ်ဖူးကျေးရွာအား ထိုင်းနိုင်ငံဘက်ခြမ်းမှ မြင်တွေ့ရစဉ်။

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းခရိုင် ဆိပ်ဖူးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ဆိပ်ဖူးရွာတွင်နေထိုင်သည့် ခရစ်ယာန်သင်းအုပ်ဆရာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဇော်ဇော်သည် အောက်တိုဘာလ ၉ရက်နေ့ နံနက်က ၎င်း၏ခြံသို့ ဆိုင်ကယ်ဖြင့်သွားစဉ် ပရက်ခွလမ်းကွေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။

ထိုသို့ ပစ်ခတ်ခံခဲ့ရသည့်အတွက် ဝဲလက်ပြင်ဖောက်ထွက်ဒဏ်ရာ အပါအဝင် ရင်ညွန့်နှင့် နောက်ကျောတို့တွင် စုစုပေါင်း ကျည်ဆန်သုံးချက်ထိမှန် ဒဏ်ရာရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။

လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဦးဇော်ဇော် ပစ်သတ်ခံရသည့်ဖြစ်စဉ်တွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးနေကြောင်း ကော့သောင်း ပကဖ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အမှုမှန်နဲ့ တရားခံ ပေါ်ပေါက် လာပါက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်သင့်လုပ်ထိုက်တာကို အရေးယူလုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

သေနတ်ဖြင့် လာရောက်ပစ်ခတ်သူများနှင့် ပတ်သက်၍ မိသားစုက တစ်စုံတစ်ရာ သိရှိထားခြင်းမရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။

“ဆရာက အရမ်းအေးတဲ့ သူထဲပါတယ်။ ရန်သူနဲ့ ရန်ငြိုးရန်စဆိုတာလည်း မရှိပါဘူး။ အခုက ဆေးရုံမှာ ဆေးကုသမှု ခံယူနေတုန်းပါ” ဟု ၎င်းက ပြောဆိုသည်။

ဆိပ်ဖူးရွာသည် ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိပြီး ရနောင်းခရိုင် ကရဘူရီဒေသနှင့် ချောင်းငယ်တစ်ခုသာ ခြားသည်။

ဦးဇော်ဇော် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် အဆိုပါပစ်ခတ်မှုကို PDF များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖြန့်ဝေခဲ့ကြသည်။

ကော့သောင်း ပကဖကမူ ထိုကဲ့သို့ ဝါဒဖြန့်နေခြင်းမှာ တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအကြား ယုံကြည်မှုကင်းမဲ့စေရန် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

အောက်တိုဘာ ၂ရက်နေ့ကလည်း ခမောက်ကြီးမြို့ အောင်ချမ်းသာကျေးရွာတွင် အချင်းချင်းစကားများကြရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။

ကော့သောင်းပကဖအနေဖြင့် ဒေသတွင်း လက်နက်ပုန်းကိုင်ဆောင်ထားသူများကို ရှာဖွေဖော်ထုတ်ကာ အရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း ပကဖ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။