BREAKING
January 11, 2025

ထားဝယ် ကမြောကင်းတံတား ဖြတ်သန်းခွင့် မပိတ်

October 11, 2024

ထားဝယ်-လောင်းလုံးမြစ်ကူးတံတားဖြစ်သည့် ကမြောကင်းတံတားကို ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းတွင် ခရီးသွားပြည်သူများ ပုံမှန်ဖြတ်သန်းသွားလာနေကြောင်း ဒေသခံခရီးသွားများက ပြောသည်။

တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့လုံခြုံရေးများစွာ တွေ့ရှိရသော်လည်း ယနေ့ နံနက်တွင် ကမြောကင်းတံတားကို ဖြတ်သန်းသွားခွင့် တားမြစ်ထားခြင်း မရှိကြောင်း ဒေသခံခရီးသွားတစ်ဦးက ဆိုသည်။

“လုံခြုံ‌ရေးတွေက တံတားကနေ ကမြောကင်း၊ သော့ကြာပြင်၊ ထိန်သစ် (ရွာတွေ) အထိ အကုန်ရှိတယ်။ တံတားကိုတော့ ဖြတ်သန်းသွားလာခွင့်ပြုထားပါတယ်။ စစ်တာဆေးတာ မရှိဘူး” ဟု ၎င်းက ပြောသည်။

တံတား စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၀ ရက် ည ၈နာရီမှ စတင်ကာ တံတားဖြတ်သန်းသွားလာခွင့်ပိတ်ထားမည်ဟု ခရီးသွားဒေသခံများကို ယင်းနေ့ နေလယ်ပိုင်းမှ စတင်ကာ နှုတ်ဖြင့် ပြောဆိုအသိပေးခဲ့သဖြင့် တံတားပိတ်မည့်သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့သည်။

ယင်းသို့ သတင်းထွက်ပေါ်ခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဒေသခံခရီးသွားများ တံတားဖြတ်သန်းသွားလာမှု နည်းပါးနေ ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီသည် တံတားကို ပိတ်ထားခြင်းမရှိသော်လည်း တံတားနှင့် တံတားအနီးဝန်းကျင်ရှိ လောင်းလုံးမြို့နယ်ထဲက ကျေးရွာများကို လုံခြုံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်း ကောက်ယူနေကြောင်း ဒေသခံတို့က ပြောဆိုသည်။

ယနေ့ နံနက်မှစတင်ပြီး တံတားအနီးရှိ ကမြောကင်း၊ သောကြာပြင်၊ နခံတော၊ ကမြောကြီး စသည့်ကျေးရွာများတွင် မြေပြင်ကင်း၊ လှည့်ကင်းများ ချထားပြီး သန်းခေါင်စာရင်းကောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သန်းခေါင်စာရင်းကောက်ဖို့ပဲ။ (စစ်ကောင်စီလုံခြုံရေး) အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သည်ဟုဆိုကာ အောက်တိုဘာလ ၇ ရက်နေ့က Non CDM ဆရာမရှစ်ဦးနှင့် ရပ်ကျေးစာရေးမတစ်ဦးတို့ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသည်။

ယင်းအပြင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်လျှင် ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်းလည်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကမြောကင်းတံတားအနီးကျေးရွာများကို သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးတင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ထားဝယ်မြို့တွင်လည်း အောက်တိုဘာလ ၁ ရက်နေ့ကစပြီး လုံခြုံရေးအင်အားအများအပြား အသုံးပြုကာ သန်းခေါင်စာရင်း ကောက်ယူနေသည်။