အပိုင်း – ၃
၂၀၁၇ ၊ နိုဝင်ဘာ ၂၀ ရက်။
နေသာသော နံနက်ခင်း…။
“စီးပွားရေး ပါတယ်”
စပါယ်ယာအော်သံကြားတော့မှ ကားပေါ်မှာ တလမ်းလုံး တွေးရင်း ပါလာသည့် သူ သတိပြန်ဝင်လာသည်။ စပါယ်ယာအော်သံနှင့် ရှေ့ဆင့်နောက်ဆင့် ကားက ထိုးရပ်လိုက်သည်။ သူ ထိုင်ရာမှ ချက်ချင်းထပြီး ကားတံခါးပေါက်ဆီ သွားလိုက်သည်။
ဘဝတွင် တံခါးပေါက်များစွာကို ဝင်ထွက်ခဲ့ဖူးသူ သူ့အဖို့ ထိုနေ့က သူ ထသွားသည့် ကားတံခါးပေါက် ဘာမှ မထူးဆန်း။
မထူးဆန်းဘူးဟု ထင်ရသည်။ သို့သော် …. ။
၂၀၁၇ ၊ နိုဝင်ဘာလ ၂၀ ရက်၏ မနက်ခင်းတွင် ရန်ကုန်မှ လေးထောင့်ကန်ဘက်သို့ အရှိန်နှင့် ဖြတ်ပြေးသွားသည့် YBS အမှတ် ၁ ၊ အဝါရောင်မီနီဘတ်စ်လေးပေါ်မှာ ပွင့်သွားခဲ့သည့် အဆိုပါ ကားတံခါးပေါက်သည် သူ့ကို တစ်စုံတစ်ရာနှင့် မိတ်ဆက်ပေးခဲ့သည်။
ရှေးအတီတေကတည်းက သူ အနှစ်နှစ်အလလ မျှော်လင့်စောင့်စားခဲ့ရသည့် အရာ။
အို…. မိခင်တက္ကသိုလ်။
တက္ကသိုလ်ကျောင်းသားဘဝကို ထိုနေ့က ပွင့်သွားခဲ့သည့် အဝါရောင်ကားတံခါးပေါက်မှ စဝင်ခဲ့သည်ဟု ဆိုလျှင်သူ့အဖို့ မမှား။ လုံးဝ မမှား။
ကားပေါ်က မဆင်းခင် အောက်က မြေကြီးကို သူ ငုံ့ကြည့်သည်။ သူ တခါမျှ မထိတွေ့ဖူးသည့် မြေ။ သည်မြေကို အခု သူ နင်းရတော့မည်။
တနေရာတည်းမှာ အတည်တကျ မနေခဲ့ရသည့် သူ့ ခြေထောက်တစ်ဖက်က ထိုနေ့နံနက်က မြေကြီးကို ဆင်းထိသည်။
ဘာမှ ထူးထူးခြားခြား မခံစားလိုက်ရ။
သို့သော် နောက်ထပ်ခြေထောက်တစ်ဖက်ကို ချလိုက်သည့်အချိန်မှာတော့ တခါမှ မနင်းဖူးသည့် မြေပေါ် သူ့ ခြေစုံရပ်မိလျက်သား…။ အဝါရောင်မီနီ ဘတ်စ်လေး အရှိန်နှင့် မောင်းထွက်သွားပြီ။
ခြေစုံရပ်နေရာမှ မလှမ်းမကမ်းက တက္ကသိုလ်ပရိဝဏ်ကြီးဆီ သူ သတိလက်လွတ် ငေးနေမိသည်။ အုတ်တံတိုင်းပေါ်က အင်္ဂလိပ်စာတန်းနှင့် မြန်မာစာတန်းကို သူ ဖတ်လိုက်တော့….
“YANGON UNIVERSITY OF ECONOMICS”
“ရန်ကုန်စီးပွားရေးတက္ကသိုလ်”
ရုတ်တရက် သူ့ခေါင်းထဲ ထူးဆန်းသည့် အတွေးတစ်ခု ဝင်လာသည်။
“ငါ မသိဘဲ ငါ့ကို ၁၇ နှစ်လုံးလုံး စောင့်နေခဲ့တဲ့ တက္ကသိုလ်ပါလား….”
တက္ကသိုလ်ကို အခုမှ ရောက်လာသော သူ့အဖို့ တက္ကသိုလ်အပေါ် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော သူငယ်ချင်း ဆွေမျိုးသားချင်းတစ်ယောက်လို ခံစားလိုက်ရသည်။ ထိထိခိုက်ခိုက်….။
တတိုင်းပြည်လုံးက သူတို့တတွေဟာ မီးညှိထားပြီးသား စနက်တံတိုတိုကလေးနှင့် ဗုံးကြီးတစ်လုံးအပေါ်မှာ ထိုင်နေမိခဲ့ကြသည်မှန်း ထိုစဉ်က သူမသိခဲ့…။
————
၂၀၂၁ ခုနှစ် ၊ ၁ ရက်နေ့ ၊ ဖေဖော်ဝါရီ။
အာရှတိုက်တောင်ပိုင်းနိုင်ငံတစ်ခုတွင် ဖွင့်လှစ်လိုက်သည့်….အမှောင်ဂယ်လာရီ။
မီးဟုန်းဟုန်းတောက်လောင်နေသည့် ဒုက္ခမုန်တိုင်းကြား သွေးရွှဲရွှဲစို ဖြတ်လျှောက်သူများ…..။
တက္ကသိုလ်ဆက်မတက်ဘဲ တိုက်ပေါ်က ခုန်ချသွားသည့် လူငယ်များ….။
ကောင်းမွန်သည့် ဘဝအတွက် တောင်းဆိုသံများ… ပန်းပင်ကြီးလမ်းပေါ်မှာ ကားနှင့် အတိုက်ခံလိုက်ရ။
မီးခြစ်ခြစ်တောက်လောင်နေသည့် လက်ပြတ်ခြေပြတ် ပုံထပ်နေသည့် ရှုခင်း….။
အနီရောင်အလံတော်အောက်မှာ တစုံတရာကို ပြင်းပြင်းထန်ထန် ဆာလောင်ခြင်း။
ဒုက္ခနဲ့ မောဟ ထောင်လွှားတဲ့ တိုင်းပြည် ။
မြို့ကြီးမြို့ငယ်များ ကြွေးကြော်သံတွေနှင့် ဆူဝေနေချိန်။
သူ့ ရင်ထဲတွင်လည်း မုန်တိုင်းဆန်နေသည်။
“ဒီမိုကရေစီ ရရှိရေး
ဒို့အရေး ဒို့အရေး…”
“စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး
ဒို့အရေး ဒို့အရေး…”
“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး
ဒို့အရေး ဒို့အရေး…”
“လုံးဝအုပ်ချုပ်ခွင့် မရစေရ”
“လုံးဝအုပ်ချုပ်ခွင့် မရစေရ”
သည်လိုနှင့် တက္ကသိုလ်မြေကို သူ ပြန်မရောက်ဖြစ်တော့။ တော်လှန်ရေးလှိုင်းလုံးကြီးက တတိုင်းပြည်လုံးကို ဖုံးလွှမ်းသွားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတွင် ခွေးသွားစိတ်အဖြစ် မပါဝင်လိုသည့် ပြည်သူလူထုက အမေရိကန်ပြည်ထောင်စုသား ဒေးဗစ်သော်ရိုး စတင်လိုက်သော အယူအဆ ၊ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဖော်ဆောင်လိုက်သည်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှိုင်းတံပိုးကြီး တတိုင်းပြည်လုံးကို ရိုက်ခတ်သွားသည်။
အစိုးရဝန်ထမ်းအများစု ရုံးမတက်ကြတော့။ ကျန်းမာရေးဝန်ထမ်းများ CDM လုပ်ကြသည်။ ပညာရေးဝန်ထမ်းများ CDM လုပ်ကြသည်။ ကျောင်းတွေ ပိတ်ကုန်သည်။
တော်လှန်ရေးက ဇာတိရွာလေးရှိ သူ့အိမ်ရှေ့ကပင် ဖြတ်သွားခဲ့သည်။ သူလည်း တက္ကသိုလ်မြေကို ကျောခိုင်းလိုက်ရသည်။
သေလွန်သူတို့၏ လိပ်ပြာများ လူးလွန့်….။
အစစ်မှန်ဆုံး ဒဏ္ဍာရီထဲမှ ပေးဆပ်ခဲ့သူတို့၏ အရိုးတွန်လာချေပြီ။
သူကိုယ်တိုင်သည်လည်း တော်လှန်ရေးလှိုင်းနှင့်အတူ မျောပါသွားခဲ့သည်။ သည်စကား သိပ်တော့မမှန်။ မျောပါခဲ့သည်မဟုတ် ။ တော်လှန်ရေးနှင့်အတူ သူ ကူးခတ်ခဲ့သည်သာ…။
အချိန်သည် အပြင်မှာထက် အာရုံထဲမှာ ပိုရှိသည်။ လွမ်းမောခဲ့ရသော တက္ကသိုလ်မြေမှာ ကာလတစ်ခုက သူ ရောက်ရှိခဲ့ဖူးသည့် အတိတ်တစ်နေရာအဖြစ်သာ ရှိတော့သည်။
အာဏာသိမ်းပြီးကာလ ကျည်ဆန်တို့ တန်ခိုးထွားလာချိန် လူငယ်ဘဝ၏ သွေးအထွက်ဆုံးနေ့ရက်များကြား အတိတ်ကို ပြန်သတိရနေတတ်သည့် မှတ်ဉာဏ်လေးတစ်ခုကသာ သူ့ကိုယ်သူ တက္ကသိုလ်ကျောင်းသားမှန်း မမေ့သွားအောင် ပြန်သတိပေးနေခဲ့….။
————
ထားဝယ်မြို့ တနေရာမှ အိမ်တစ်ဆောင်တွင် ဖတ်လက်စ စာအုပ်ကို သူပိတ်လိုက်သည်။
နာရီကို ကြည့်လိုက်တော့ ညနေ ၄ နာရီခွဲ ။
သူ့စိတ်တွေ လှုပ်ရှားလာသည်။
နောက်ထပ် ဆယ့်ငါးမိနစ်ခန့်အကြာ အိမ်ရှေ့တွင် ဆိုင်ကယ်တစ်စီး ထိုးရပ်သည်။
လျှာထိုးဦးထုပ် အဖြူရောင်ကို ခပ်စိုက်စိုက်ဆောင်းထားသည့် လူရွယ်တစ်ဦး ဆိုင်ကယ်ပေါ်က ဆင်းလာသည်။
ပတ်ဝန်းကျင်ကို သံသယနှင့် အမြဲကြည့်နေရသူ၏ မျက်လုံးမျိုး သူ့မျက်နှာတွင် တပ်ဆင်ထားသည်ကို တွေ့ရ၏။
“ရဲဘော်…..သွားမယ်”
သူ့ဘေးနားမှ ထွက်လာသည့် အတူနေရဲဘော်ဖြစ်သူ၏ အသံ။ ထိုနေ့ညနေက ထားဝယ်မြို့တနေရာတွင် ဆိုင်ကယ်တစ်စီးပေါ် ဦးထုပ်ငိုက်ငိုက်ဆောင်းထားသည့် လူငယ်သုံးယောက် တက်သွားသည်။
အိမ်မှ ထွက်ထွက်ချင်း ညနေခင်း နေရောင်မှာ လှပနေသည့် ထားဝယ်မြို့ ကောင်းကင်ကို မြတ်နိုးတပ်မက်စွာ သူ မော့ကြည့်လိုက်၏။
ဟိုး အမြင့်ကောင်းကင်တစ်နေရာမှာ ကျည်ဆန်ပြေးလမ်းရဲ့ အလျားလိုမျိုး အဲယာခရားဖ်တ်တစ်စီး၏ နောက်ချန်မီးခိုးငွေ့တန်း…။
သူ့ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်ကို သတိမထားမိအောင် ကြိုးစားကြည့်ရာ မအောင်မြင်ခဲ့…။
သည်ညနေကို သူ ကျော်လွန်နိုင်ပါ့မလား…။ မြန်မာမွေးသက္ကရာဇ်အရဆိုလျှင် မနက်ဖြန် သူ အသက် (၂၁)နှစ် ပြည့်မည်။
■ ဈာန်ဟိန်း
အပိုင်း (၃) ပြီး။