ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘာ့ရတနာဘဏ် (ကံပေါက်ဘဏ်ခွဲ)ကို အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ရပ်နားထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
“လုံခြုံရေးအခြေအနေအရ နားထားဦးမယ်ပြောပါတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲတော့မသိသေးဘူး“ ဟု အောက်တိုဘာလ ၇ ရက်က ကမ္ဘာရတနာဘဏ်ခွဲတွင် ငွေသွားလွှဲခဲ့သည့် ကံပေါက်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။
အောက်တိုဘာလ ၁၁ ရက်နေ့အထိ ကံပေါက် ကမ္ဘာ့ရတနာဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးဘဲ ဝန်ထမ်းများလည်း ကလိန်အောင်ဘဏ်ခွဲတွင် အလုပ်ဆင်းနေကြကြောင်း ဘဏ်ဝန်ထမ်းများနှင့် နီးစပ်သူများထံကသိရသည်။
ကံပေါက်ဒေသတွင် ကမ္ဘာရတနာဘဏ်(ကံပေါက်ဘဏ်ခွဲ) အပြင် သမဝါမယဘဏ်(ရေဖြူဘဏ်ခွဲ)လည်း ရှိပြီး သမဝါယမဘဏ်မှာမူ စစ်အာဏာသိမ်းပြီးနောက်လပိုင်းအကြာ ဘဏ်အဆောက်အအုံတွင် စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲပြီးကတည်းက ရပ်နားထားသည်မှာ ၂ နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။
လက်တလောအခြေအနေတွင် ကံပေါက်ဒေသရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများအားလုံး ရပ်နားထားသည့် အခြေအနေရောက်ရှိနေပြီး CB pay ၊ K pay ၊ Wave pay စသည့် paymentများဖြင့် ငွေပေးချေမှု ပြုလုပ်ဆောင်ရွက်နေကြရကြောင်း ဒေသခံများကဆိုသည်။
“ ပမာဏနည်းနည်းကအဆင်ပြေပါတယ်။ ငွေသိန်းဆယ်ဂဏန်းချီ ငွေလွှဲတဲ့အခါ တစ်ဖက်က လက်မခံချင်ဘူး။ ပမာဏများရင်ဘဏ်နဲ့ပဲ လွှဲစေချင်တာပေါ့ ။ အခုက ကလိန်အောင်ဘဏ်အထိ ငွေထုပ်နဲ့သွားပြီး ငွေလွှဲနေရတယ် “ ဟု ငွေလွှဲအခက်အခဲကြုံနေရမှု အခြေအနေကို ဒေသခံတစ်ဦးက ပြောပြသည်။
ကံပေါက်ဒေသသည် သတ္တုကုမ္ပဏီ၊ ရေနံနှင့်သဘာဝဓာတ်ငွေကုမ္ပဏီ ဝန်ထမ်းအများအပြား နေထိုင်သည့် ဒေသ ဖြစ်သဖြင့် လစာပေးချေမှု နှင့် ရာသီပေါ်သီနှံရောင်းဝယ်ရေး၊ အခြားကုန်သွယ်ရေးများ အတွက် ငွေပေးချေမှုများပြုလုပ်နိုင်ရန် ဘဏ်ဝန်ဆောင်မှု မဖြစ်မနေ လိုအပ်သည့် ဒေသတစ်ခုဖြစ်သည်။