BREAKING
February 27, 2025

ထိုင်းနိုင်ငံထုတ် စားအုန်းဆီများ စစ်ဆေးဖမ်းဆီးနေ၍ ပစ္စည်းပြတ်ပြီးဈေးတက်

October 11, 2023

ပုံစာ - အသိမ်းခံရသည့် ထိုင်းနိုင်ငံထုတ် meesook တံဆိပ် စားအုန်းဆီ။

မြိတ်မြို့တွင် ထိုင်းနိုင်ငံထုတ် စားအုန်းဆီများကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးနေသဖြင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်သွားပြီး ဈေးနှုန်းများ မြင့်တက်လာနေသည်။

စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် စည်ပင်ဝန်ထမ်းအချို့တို့က အောက်တိုဘာလ ပထမပတ်မှစပြီး ဈေးအချို့ကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ပြောပြသည်။

“ဆီတွေအားလုံးက ထိုင်းကလာတာချည်းပဲ၊ တံဆိပ်အစုံရှိတယ်၊ အားလုံးကိုစစ်တယ်၊ မီစု (meesook) တံဆိပ်ကိုတော့ FDA စစ်ဆေးချက်မရှိလို့ဆိုပြီး သိမ်းသွားတာမျိုးရှိတယ်” ဟု ကုန်စုံအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

တစ်လီတာ၊ နှစ်လီတာဆံ့ ထိုင်းနိုင်ငံထုတ် မီစု(meesook သခွားမွှေးသီး)နှင့် အခြားတံဆိပ်အချို့အား သိမ်းခြင်း၊ ခံဝန်လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း ကုန်စုံဆိုင်ရှင်က ပြောပြသည်။

“ပဲလုံးဆီကျ‌တော့ မဖမ်းဘူး၊ သူလည်း ထိုင်းကလာတာပဲ၊ ဒါပေမဲ့ လူတန်းစားမရွေး မစားနိုင်ဘူး၊ ဈေးကြီးတာဆိုတော့လေ” ဟု ၎င်းက ပြောသည်။

မီစုတံဆိပ်နှင့် အခြားတံဆိပ် စားအုန်းဆီများမှာ တစ်လီတာဆံ့ ဆီတစ်ဗူးလျှင် သုံးထောင်ငါးရာမှ လေးထောင်ကျပ်နီးပါး အထိသာရှိပြီး ပဲလုံးဆီတစ်ဗူးလျှင် ငါးထောင်ကျပ်ကျော်အထိ ဈေးရှိနေကြောင်း ယင်းဈေးကွက်မှ သိရသည်။

စစ်ကောင်စီမှ စစ်ဆေးဖမ်းဆီးမှုပြုလုပ်လာနေသဖြင့် မီစုတံဆိပ် တစ်လီတာဆံ့တစ်ဗူးလျှင် သုံး‌ထောင်ငါးရာကျပ်မှ လေးထောင်နှစ်ရာ၊ ပဲလုံးဆီတစ်ဗူးလျှင် ခြောက်ထောင်ကျပ်ကျော်အထိ မြင့်တက်သွားကြောင်း စားအုန်းဆီအသုံးပြုသူအချို့က ပြောပြသည်။

“ဘယ်ဆီဗူးပဲယူယူ ဈေးတက်တာချည်းပဲ” ဟု အသက် ၅၀ ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

တစ်လီတာဆံ့ စားအုန်းဆီတစ်‌ဗူးလျှင် တံဆိပ်အပေါ်မူတည်ပြီး အနည်းဆုံး ခုနှစ်ရာကျပ်မှ အများဆုံးတစ်ထောင်ကျပ်ကျော်အထိ မြင့်တက်သွားကြောင်း အမျိုးသမီးက ပြောပြသည်။

“ဆီဈေးက တက်မှာပေါ့၊ ဝယ်လို့လည်း သိပ်မရှိဘူး၊ ဈေးကွက်မှာ ပစ္စည်းမရှိဘူး၊ ပြတ်ကုန်ကြပြီ၊ ဖမ်းနေတာဆိုတော့ ထိုင်းကနေ ထပ်မသွင်းကြတော့ဘူး ” ဟု ဆိပ်ငယ်ဈေးရှိကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

ထို့ပြင် ယခုလ(အောက်တိုဘာ) လကုန်အထိ ထိုင်းဘက်မှ ပစ္စည်းအဝင်များ ထပ်မံရှိလာမည်မဟုတ်သဖြင့် ဈေးနှုန်းများလည်း ထပ်မံမြင့်တက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဒီလို ဖမ်းနေတာတွေက ဈေးကွက်မှာ ပစ္စည်းတွေပြတ်လာမယ်၊ ပစ္စည်းပြတ်လာတော့ ရှိတဲ့သူတွေ ဈေးတင်ပြီး ထုတ်ရောင်းကြမယ်ဆို‌တော့ ဈေးကျဖို့လုပ်နေတာ မဟုတ်ဘူး၊ ဈေးထပ်တက်အောင် လုပ်နေသလို ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီက ပီပါဆီများအား တစ်လီတာလျှင် သုံးထောင်ကျပ်နှုန်းဖြင့် ကုန်စုံဆိုင်အချို့တို့တွင် မကြာမကြာ လာရောက်ရောင်းချခိုင်းလေ့ရှိကြကြောင်း ကုန်စုံဆိုင်ရှင် အချို့က ပြောပြသည်။

အာဏာမသိမ်းမီအချိန်က စားအုန်းဆီဈေးနှုန်းနှင့် ယခုလက်ရှိ ဈေးနှုန်းတို့ နိုင်းယှဉ်ပါက သုံးဆကျော်အထိ မြင့်တက်လာနေကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရသည်။