လောင်းလုံးမြို့နယ် ဝေဒီရွာနှင့် ပြင်းထိန်ရွာကြားရှိ ကျေးရွာချင်းဆက်လမ်းမဘေးတွင် ယနေ့ ညနေပိုင်းက လည်ပင်းနှင့် ဦးခေါင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် သက်ကြီးပိုင်းအမျိုးသားအလောင်း တစ်လောင်းတွေ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် ရေကစားရန်လာသည့် ကလေးများက အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
“အလောင်းဘေးမှာ ဆိုင်ကယ်ဦးထုပ်နဲ့ ဆိုင်ကယ် နောက်ကြည့်မှန် တစ်ချပ်တွေ့ရတယ်။ ဓါးဒဏ်ရာက ဦးခေါင်းနဲ့ လည်ပင်းတစ်ဝိုက်မှာ တွေ့ရတယ်”ဟု မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။
ရုပ်အလောင်းကို ဝေဒီနှင့် ပြင်းထိန်ရွာကြားရှိ ထွတ်တိုးတံတားအနီး ရေမြောင်းအတွင်းသို့ ပစ်ချထားသည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောဆိုသည်။
သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။
သေဆုံးနေသည့် သက်ကြီးပိုင်းအမျိုးသားတွင် ပုဆိုးအမဲရောင်နှင့် အင်္ကျီအဖြူရောင်၊ မိုးကာအင်္ကျီတို့ ဝတ်ဆင်ထားသည်ကို Dawei Watch က ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။