BREAKING
September 19, 2024

တနင်္သာရီ ကျွဲထိန်းကုန်းရွာတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံအမျိုးသမီးသုံးဦးသေဆုံး

September 11, 2024

တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး သုံးဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီးကျည် ရွာလယ်လမ်းတွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လက်နက်ကြီးကျည်စ ထိမှန်ကာ အသက် ၄၀ကျော်အရွယ် ဒေါ်စန်းသွယ်သည် နေရာတွင် သေဆုံးပြီး အသက် ၆၀အရွယ် ဒေါ်စန်းသီနှင့် အသက် ၁၈ နှစ်ခန့်ရှိ မဖြူဇာအေးတို့လည်း သေဆုံးကြောင်း ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“လက်နက်ကြီးက ရွာလယ်လမ်းမပေါ်ကိုလာကျပြီး ထိတာလို့ပြောတယ်။ ညီမတို့ အမျိုးတွေပဲ။ ဒေါ်စန်းသွယ်ကတော့‌ နေရာမှာတင် ဆုံးတယ်။ ဒေါ်စန်းသီနဲ့ ဖြူဇာအေးက ဒဏ်ရာရထားတော့ ညောင်ပင်ကွင်းရွာဘေးက ရွာဘက်ကို ယူပြေးတယ်။ အဲဒီရွာအရောက်မှာပဲ ဆုံးတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်သည် တနင်္သာရီမြို့နယ် တကူ၊ သာရဘွင်၊ ဘန်လောရွာ၊ ၆ မိုင်ရွာ၊ ဇဝဲရွာ၊ ကျွဲထိန်းကုန်းရွာများဘက်ကို စစ်ကြောင်းသုံးကြောင်း ဖြန့်ကျက်ကာ ဝင်ရောက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်တင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မြိတ်ခရိုင်အမှတ် (၂) တပ်ရင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် ကျွဲထိန်းကုန်းရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗောဓိကမ်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်က ပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ အရပ်သားထိခိုက်သေဆုံးကြောင်း ၎င်းက ပြောသည်။

တနင်္သာရီမြို့နယ်ကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့် စစ်ကြောင်းသုံးကြောင်းဖြင့် ဖြန့်ကျက် ဝင်ရောက်နေပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အရပ်သား ကားများကို ချောဆွဲအသုံးပြုခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။