BREAKING
September 18, 2024

ဘီးလင်းနှင့် ကျိုက်ထိုတွင် ရေထပ်ကြီး၊ ဒေသခံရာနှင့်ချီ ပြောင်းရွှေ့ရ

September 11, 2024

ပုံစာ - ကျိုက်ထိုတွင် ရေကြီးရေလျှံနေသည်ကို ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံတစ်ဦး

မွန်ပြည်နယ်၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းလာကာ မြစ်ရေမြင့်တက် လာသောကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေကြီးရေလျှံနေကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

ထို့ကြောင့် ရာနှင့်ချီသည့်ဒေသခံတို့ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း ၎င်းတို့ထံမှ သိရသည်။

ဘီးလင်းမြစ်ရေသည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဆက်တိုက်မြင့်တက်လာသည့်အတွက် ညနေပိုင်းတွင် ကန်သာယာ ရပ်ကွက် အပါအဝင် မြစ်ကမ်းဘေး အနိမ့်ပိုင်းရပ်ကွက် လေးခုတို့တွင် ရေကြီးရေလျှံပြီး အိမ်ခြေ ၄၀ ဝန်းကျင်က လူဦးရေ တစ်ရာကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရကြောင်းမြို့ခံနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

ဘီးလင်းမြစ်ရေသည် ယမန်နေ့က ၉၆၄ စင်တီမီတာရှိရာမှ ယနေ့ နံနက်ပိုင်းတွင် ၁၀၀၉ စင်တီမီတာ မြင့်တက်လာ သောကြောင့် စိုးရိမ်ရေအမှတ်အနီး ရောက်ရှိလာသည်။ ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၁၀၂၂ စင်တီမီတာရှိသည်။

“မိုးက ဆက်တိုက်ရွာနေတော့ မြစ်ရေကလည်း တက်လာတယ်။ မြစ်ရေ တဖြည်းဖြည်း တက်လာနေတယ်။ စိုးရိမ် ရေအမှတ်ထက်ကျော်သွားရင် ပြီးခဲ့တဲ့အခေါက် (ဇူလိုင်လ) ကလိုမျိုး အကုန်မြုပ်ကုန်မယ်။ အခုကတော့ အနိမ့်ပိုင်းနေရာတွေ ကတော့ မြုပ်နေတာပေါ့” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။

အလားတူ ကျိုက်ထိုမြို့ပေါ်ရှိ ကော့စနိုင်၊ အေးရိပ်ငြိမ်၊ ဇေယျာမွန်နှင့် ဇေယျာမွန်တိုးချဲ့ရပ်ကွက်တို့တွင် ရေကြီးရေလျှံနေပြီး ပြည်သူအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့က ကူညီကယ်ဆယ်ရေး ဆောင်ရွက် ပေးနေကြောင်း ၎င်းတို့က ဆိုသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းအထိ မိုးကြီး နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းလာသည့်အတွက် ဘီးလင်း၊ ကျိုက်ထိုအပြင် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ကျိုက်မရောမြို့နယ်အတွင်းက အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာ တို့တွင် ရေကြီးရေလျှံခဲ့သည်။

ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် မွန်ပြည်နယ်အတွင်းက ဒေသခံပြည်သူ သောင်းနှင့်ချီ ရေဘေးသင့်ခဲ့သည်။