BREAKING
September 21, 2024

စစ်ကောင်စီက လူဦးရေစာရင်းကောက်ရန်စီစဉ်၊ မြို့ပေါ်နေသူများစိုးရိမ်

September 11, 2024

ဓာတ်ပုံ - We Love Tanintharyi (ပုံဟောင်း)

စစ်ကောင်စီက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ လူဦးရေစာရင်းကောက်ရန် လုပ်ဆောင်နေပြီး ယင်းအပေါ်မြို့ပေါ်နေသူများ စိုးရိမ်နေကြောင်း မြို့ခံများထံမှသိရသည်။

အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်၊ ကော့သောင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စကောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

မြိတ်မြို့တွင် ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂ အုပ်စု၊ ကျေးရွာ ၁၄၀ တို့တွင် လူဦးရေစာရင်း ကောက်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ကျန်မြို့များနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် တနင်္သာရီတိုင်းစစ်ကောင်စီ လူမူရေးဝန်ကြီးထံ ယနေ့ နံနက် ၁၀ နာရီခန့်က ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုသူမရှိပေ။

ထားဝယ်မြို့ခံတို့ကမူ လူဦးရေသန်းခေါင်စာရင်းကောက်ခံမည်ကို စိုးရိမ်လျက်ရှိသည်။

“စာရင်းကောက်ပြီးရင် ဒီအိမ်မှာ စစ်မှုထမ်းရမယ့်သူ ဘယ်လောက်ရှိတယ် ဆိုတာတွေ သူတို့( စစ်ကောင်စီ) ကသိသွားမှာလေ။ အဲဒါကိုပဲစိုးရိမ်တာ” ဟု ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။

စစ်ကောင်စီသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိကို စစ်မှုထမ်းဆောင်ရန်၊ အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိကို ပြည်သူ့လုံခြုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ထုတ်ပြန်ထားသည်။

ကျေးလက်များတွင် တိုက်ပွဲများကြောင့် ထားဝယ်၊ မြိတ် ကဲ့သို့သော မြို့များသို့ ရွှေ့ပြောင်းနေထိုင်ကြသူများသည်လည်း လူဦးရေစာရင်းကောက်ခံမှုကြောင့် အခက်တွေ့နေကြသည်။

“အခုလောလောဆယ်တော့ ရွာပြန်ဖို့မရှိသေးဘူး။ အခြေအနေ စောင့်ကြည့်ရဦးမယ်။ တကယ်လို့ နေလို့အဆင်မပြေဘူးဆိုရင်တော့ ကလေးတွေကို (ရွာပြန်)လွှတ်လိုက်မလား စဉ်စားနေတယ်” ဟု ထားဝယ်မြို့ပေါ် စစ်ဘေးရှောင်နေသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။

စစ်ကောင်စီကမူ အောက်တိုဘာလ ၁ ရက်မှ စပြီး ၁၅ ရက်နေ့အထိကို တစ်အိမ်တက်၊ တစ်အိမ်ဆင်းပုံစံဖြင့်ဖြစ်စေ၊ စုရပ်သတ်မှတ်ပြီးဖြစ်‌စေ သန်းခေါင်စာရင်းကောက်ခံမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ပုံမှန်အားဖြင့် သန်းခေါင်စာရင်းကို ဆယ်နှစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။ ၂၀၁၄ ခုနှစ်က ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့ဖူးသည်ဖြစ်ရာ ယခု ၂၀၂၄ ခုနှစ်တွင် ဆယ်နှစ်တိတိပြည့်မည်ဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းတွင် လူဦးရေ ၁၄ သန်းကျော်ရှိသည်။

ယင်း ၁၄ သန်းအနက် ၇၆ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်ကြပြီး ကျန် ၂၄ ရာခိုင်နှုန်းမှာ မြို့ပြတွင်နေကြသည်။