BREAKING
January 13, 2025

ကံပေါက်တွင် နေအိမ်၊ ဈေးဆိုင် ဖောက်ထွင်းခံရမှု အရေးယူနိုင်ခြင်းမရှိ

September 11, 2024

ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် နေအိမ်နှင့် ဈေးဆိုင်များ ဖောက်ထွင်းခံရမှု ဆက်တိုက်ရှိနေသော်လည်း အများစုကို အရေးယူနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ကံပေါက်ဈေးအနီးရှိ ကုန်စုံဆိုင်တစ်ဆိုင်၊ ဆောက်လက်စ နေအိမ်တစ်လုံးနှင့် စေတီတစ်ဆူ၏ အလှူခံပုံးတို့ ခိုးယူဖောက်ထွင်းခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။

စက်တင်ဘာလ ပထမအပတ်အတွင်းတွင်လည်း ကံပေါက်ရွာ၊ လှည်းကုန်း (၁) ရပ်ကွက် ၊ ဆေးရုံအနောက်ဘက်ခြံစုတွင် နေအိမ်တစ်လုံး၌ အိမ်ရှင်များ ဈေးသွားရောင်းနေချိန် နေ့ခင်းဘက် ဖောက်ထွင်းခံခဲ့ရကြောင်း ကာယကံရှင်နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်များအနက် ဆောက်လက်စ နေအိမ်ဖောက်ထွင်းခံရမှု တစ်မှုတည်းကိုသာ အိမ်ရှင်က ခြေရာခံမိ၍ ခိုးသူကို ဖမ်းမိသဖြင့် ရဲစခန်းအပ်ခဲ့သော်လည်း ရဲစခန်းက အာမခံပေး၍ အချုပ်မှ ပြန်လွှတ်ပေးလိုက်ကြောင်း ဖြစ်စဉ်အားသိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။

“သူခိုးက ရဲစခန်းအချုပ်မှာထားပြီး ရက်ပိုင်းနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဟောင်းပစ္စည်းဝယ်သမားတွေကို တော့ ပစ္စည်းတန်ဖိုးနှစ်ဆ ဈေးတောင်းပြီး ဒဏ်ရိုက်လိုက်တယ်” ဟု ၎င်းကပြောသည်။

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ကံပေါက်ဒေသတွင် ဖောက်ထွင်းခိုးယူမှုများ များလာပြီး တိုင်ကြားပါကလည်း ထိရောက်သည့် အရေးယူမှု မရှိသဖြင့် ကာယကံရှင်များ ကိုယ်တိုင်ကလည်း တိုင်ကြားခြင်းမရှိတော့ကြောင်း ဒေသခံတို့က ဆိုသည်။

ကံပေါက်ဒေသတွင် စစ်ကောင်စီ၏ နယ်မြေရဲစခန်းတစ်ခုအပြင် ခလရ ၂၇၃ တပ်ရင်း နှင့် မောရဝတီရေတပ်စခန်းဌာနချုပ်တို့လည်း အခြေစိုက်ထားသည်။