BREAKING
January 13, 2025

စစ်မှုထမ်းစုဆောင်းခံရသူများက အစောင့် ၂ ဦးကို တိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်

September 11, 2024

ပုံစာ - ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်များ။ ဓာတ်ပုံ - KKL

စစ်မှုထမ်းရန် အဓမ္မစုဆောင်းခံရသည့် လူငယ်များကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်စဉ် အစောင့်စစ်သားနှစ်ဦးကို တိုက်ခိုက်ပြီး လူငယ် ၂၇ ဦး စက်တင်ဘာလ ၈ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံမှ ပြန်ပို့ခံရသူများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အဓမ္မစုဆောင်းထားသော လူငယ် ၂၇၀ ခန့်ကို စစ်သင်္ဘောဖြင့် တင်ဆောင်ပြီး ပုလောမြို့နယ် ပလောက်မြို့ ရှိ အမှတ်(၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို စစ်ကောင်စီက ပို့ဆောင်ခဲ့ကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယင်းပို့ဆောင်ခံရသူများကို သင်္ဘောပေါ်မှ စက်လှေများဖြင့် ကမ်းသို့ပို့ဆောင်စဉ် စက်လှေပေါ်ရှိ အဓမ္မစုဆောင်းခံရသည့် လူငယ် ၂၈ ဦးက အစောင့် ၂ ဦးကို တိုက်ခိုက်ပြီး ထွက်ပြေးရန်ကြိုးစားကြခြင်းဖြစ်သည်။

“သင်္ဘောနဲ့တင်လာတာမှာတော့ စစ်မှုထမ်းဖို့ လူငယ်တွေအများကြီးပဲ။ စက်လှေနဲ့ တစ်စီးပြီးတစ်စီး ခွဲထုတ်ကဲ့ထုတ်ပြီး ပလောက်လေ့ကျင့်ရေး သင်တန်းကျောင်းကို ပို့တဲ့အချိန် အစောင့်စစ်သားနှစ်ယောက်ကို ဝင်လုံးတယ်၊ အစောင့်စစ်သားဆီက သေနတ်လုပြီး အားလုံးဝိုင်းရိုက်သတ်ပြီး ထွက်ပြေးလွတ်မြောက်လာတာလို့ သိရတယ်။ သေနတ်လုတဲ့အချိန် လုံးရင်းထွေးရင်းနဲ့ စစ်မှုထမ်းလူငယ်ထဲက တစ်ယောက်ကျည်ထိပြီး သေသွားတယ်လို့လည်း ပြောတယ်” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသည့် လူငယ်နှစ်ဆယ်ကျော်ကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လွတ်မြောက်နယ်မြေသို့ ကားဖြင့်ပို့ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

၎င်းတို့ကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်ချိတ်ဆက်ပြီး KNDO တပ်ရင်း ၇ တပ်ခွဲ ၅ ထံပို့ဆောင်ထားသည်ဟု ၎င်းကပြောသည်။

စစ်မှုထမ်းစုဆောင်းခံရသည့် လူငယ်များထွက်ပြေးလွတ်မြောက်လာသည့် သတင်းမှာ မှန်ကန်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း ၇ တပ်ခွဲ ၅ တာဝန်ရှိသူ ကိုဗဟု က အတည်ပြုပြောဆိုသည်။

စစ်မှုထမ်းရန် အတင်းအကြပ်စုဆောင်းခံရသည့် လူငယ်များမှာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသည့် လူငယ်များဖြစ်ကြောင်း ကရင်သတင်းဌာနတစ်ခုဖြစ်သည့် Kaw Ka Ku News တွင် ဖော်ပြထားသည်။