BREAKING
October 18, 2024

မေတ္တာရိပ်ကျောင်းက ထိုင်းအစိုးရကျောင်းများနှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ဟု စူရတ်ပညာရေးမှူးဆို

September 11, 2024

မေတ္တာရိပ် မြန်မာစာသင်ကျောင်းက ထိုင်းအစိုးရစာသင်ကျောင်းများနှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့ကြောင်း စူရတ်ဌာနီခရိုင် ပညာရေးမှူးက စက်တင်ဘာလ ၉ ရက်နေ့က တုံ့ပြန်ပြောဆိုလိုက်သည်။

တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် မေတ္တာရိပ်ကျောင်းအပါအဝင် စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်းများကို အာဏာပိုင်များက ပိတ်သိမ်းလိုက်ရာ ကျောင်းသားပေါင်း ၂၀၀၀ ကျော် ပညာသင်ယူခွင့်ဆုံးရှုံးနေကြရသဖြင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မေတ္တာရိပ်ကျောင်းကို ပိတ်သိမ်းခဲ့မှုအတွက် စိုးရိမ်ကြောင်း ပြောကြားလာသဖြင့် ပညာရေးမှူးက ယင်းသို့ပြန်လည်ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မေတ္တာရိပ်ကျောင်းရှိ ကျောင်းသားများကို ထိုင်းအစိုးရ စာသင်ကျောင်းများထံ လွှဲပြောင်းပေးရန် ပညာရေးမှူးရုံးနှင့် အာဏာပိုင်များက အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း ကျောင်းဘက်က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ပညာရေးမှူးက သတင်းထောက်များကို ပြောကြားခဲ့သည်။

မေတ္တာရိပ်ကျောင်းကို တရားဝင် အရေးမယူခင်ကာလပတ်လုံး ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာအဖွဲ့များအားလုံး ကျောင်းကိစ္စရပ်များနှင့် ပတ်သက်၍ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြောင်း၊ မေတ္တာရိပ်ကျောင်းက မြန်မာသင်ရိုးကိုသာ သင်ကြားမည်ဟု ပြောကြားခဲ့ပြီး ထိုင်းပညာရေးစနစ်ဖြင့် ပူးပေါင်းရန် အာဏာပိုင်များကို ငြင်းဆန်ခဲ့သဖြင့် ပိုမိုရှုပ်ထွေးလာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မေတ္တာရိပ်ကျောင်းအုပ်ဆရာကြီး ဦးဇော်ခိုင်မျိုးကမူ ဖြစ်စဉ်မှာ ယင်းသို့မဟုတ်ကြောင်း ငြင်းဆိုသည်။

ထိုင်းပညာရေးဌာနက ထိုင်းအစိုးရစာသင်ကျောင်းများထံ လွှဲပြောင်းပေးရန် ဆွေးနွေးပြောဆိုခဲ့ခြင်း မရှိခဲ့ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့ကို တိုက်ရိုက်ဆက်သွယ်ပြီး ဒီလို ဒီလိုစီစဉ်ပေးနေပါတယ်ဆိုပြီး ဒီလိုလာပူးပေါင်းပါဆိုပြီး မရှိသေးဘူး။ အခုချိန်အထိ”ဟု ဦးဇော်ခိုင်မျိုးက ပြောသည်။

မြန်မာရွှေ့ပြောင်း ကျောင်းသားများအနေဖြင့် ထိုင်းကျောင်းများတွင် သွားရောက်ပညာသင်ယူပါက မြန်မာစာသင်ယူခွင့် မရနိုင်ခြင်း၊ ထိုင်းကလေးငယ်များနှင့် ပြဿနာတစ်စုံတစ်ရာဖြစ်မည်ကို မိဘအုပ်ထိန်းသူများက စိုးရိမ်မှုရှိနေကြောင်း ၎င်းက ဆိုသည်။

“မိဘတွေအနေနဲ့ ထိုင်းကျောင်းတွေမှာလိုက်ထားမယ်ဆိုရင် သားသမီးတွေ အခက်အခဲတွေ့ရမယ်ဆိုတာ သိတယ်။ အခက်အခဲအများကြီးနဲ့ ရင်ဆိုင်ရမှာပေါ့နော်။ကလေးတွေကိုယ်တိုင်ကလည်း မသွားချင်ဘူးပေါ့နော်”ဟု ကျောင်းအုပ်ဆရာကြီး ဦးဇော်ခိုင်မျိုးက ပြောသည်။

ထိုင်းပညာရေးမှူးရုံးကလည်း မေတ္တာရိပ်ကျောင်းက ကျောင်းသားအချက်အလက် အားလုံးကိုလည်း ရယူထားပြီးဖြစ်သည်ဟု ဆိုသည်။

မေတ္တာရိပ်က ကျောင်းသားများကို စူရတ်ဌာနီခရိုင်အတွင်းရှိ ထိုင်းပညာရေးကို သင်ကြားနေသော အစိုးရနှင့် ပုဂ္ဂလိက ကျောင်းပေါင်း ၉၂၈ ကျောင်းက လက်ခံနိုင်ကြောင်း ဆိုသည်။

ယခင်က စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် မြန်မာစာသင်ကျောင်းက ကျောင်းသား ၃၀၀ ကျော်ကိုလည်း ထိုင်းမူလတန်းကျောင်းစနစ်ထဲသို့ ပြောင်းထည့်ခဲ့ဖူးသော သာဓကများရှိခဲ့ကြောင်း ပညာရေးမှူးက ထောက်ပြထားသည်။

စူရတ်ဌာနီ ပညာရေးမှူးရုံးအနေဖြင့် ကလေးငယ်များ ပညာသင်ကြားခွင့်ကိုလည်း အပြည့်အဝ လိုက်နာခဲ့ကြောင်း တုံ့ပြန်ထားသည်။

စူရတ်ဌာနီခရိုင်ထဲတွင် မြန်မာကလေးငယ် အများစုပါဝင်သော ၅၀ ရာခိုင်နှုန်းသော နိုင်ငံခြားသားကလေးငယ်များသည် ထိုင်းအစိုးရကျောင်းများတွင် အပ်နှံထားကြပြီး ထိုင်းကျောင်းသားများနှင့် တန်းတူအခွင့်အရေးများ ပေးထားကြောင်း ပညာရေးမှူးက ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ၏ ကလေးငယ်များ ထိုင်းအစိုးရကျောင်းများသို့ ဝင်ရောက်နိုင်ရေး အခက်အခဲဖြစ်နေသည်မှာ စိန်ခေါ်မှုတစ်ခုဖြစ်နေကြောင်း ပညာရေးမှူးရုံးဘက်က တုံ့ပြန်ထားသည်။

Ref: Bangkok Post