BREAKING
September 19, 2024

ခမောက်ကြီးတွင် စစ်ကောင်စီတပ် ဖမ်းခေါ်သွားသည့်ဒေသခံများ ဆယ်ရက်ကျော်အထိ ပြန်မလွတ်

September 11, 2024

ခမောက်ကြီးမြို့ ၊ ခမောက်ငယ်ရွာပတ်ဝန်းကျင်သို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင် သွားသည့် ဒေသခံခုနစ်ဦး စက်တင်ဘာလ ၁၀ရက်အထိ ပြန် မလွတ်မြောက်သေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကြောင်းသည် ဩဂုတ်လ ၂၄ ကစပြီး ဝင်ရောက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၉ ရက်တွင် ချောင်းဝရွာအနီး မီးသွေး လုပ်ငန်းတစ်ခုကို ဝင်ရောက်မီးရှို့ကာ အလုပ်သမားလေးဦးနှင့် အခြားအမျိုးသားနှစ်ဦးတို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။

အဖမ်းခံရသည့် မီးသွေးနှင့်ဥယျာဉ်ခြံအလုပ်သမားလေးဦးသည် အသက် ၄ဝ နှင့် ၆ဝ အကြားရှိ ဦးတင့်လွင်၊ ဦးဂျပန်ကြီး၊ ဦးဝင်းထွဋ်နှင့် ဦးစိန်မောင်မြင့်တို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ်အဖမ်းခံရသည့် အသက် ၃ဝ ဝန်းကျင် အမျိုးသားနှစ်ဦး၏ အချက်အလက်ကိုမူ အတည်မပြုနိုင်ခဲ့ပေ။

မီးသွေးလုပ်ငန်း၏ ပိုင်ရှင်ဖြစ်သူ အသက် ၅ဝကျော်အရွယ် ဒေါ်ဖြူဝင်းကိုလည်း စစ်ကောင်စီတပ်က အလုပ်သမားများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးရန် ခမောက်ကြီးမြို့သို့ ခေါ်ယူစစ်ဆေးပြီးနောက် စက်တင်ဘာလ ၇ ရက်တွင် ဖမ်းဆီးထားလိုက် ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ဒေါ်ဖြူဝင်းကို စစ်မေးစရာရှိတယ်ဆိုပြီး ခေါ်ဖမ်းလိုက်တယ်။ မီးသွေးဖောင်လုပ်သားတွေကတော့ ဟိုအရင်ကတည်းက ချောင်းဝ(ရွာ) မှာနေလာတဲ့ မီးသွေးအလုပ်သမားတွေပါ။ ကျန်နှစ်ယောက်ကတော့ ဘယ်ကမှန်းမသိဘူး” ဟု ခမောက်ရွာက အမျိုးသမီးတစ်ဦးကပြောသည်။

ဒေါ်ဖြူဝင်း အပါအဝင် အဖမ်းခံရသူအားလုံးကို ကော့သောင်းမြို့ရှိ ဗျူဟာအခြေချတပ်တွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း ၎င်းတို့နှင့်နီးစပ်သည့်ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၄ ရက်ကစ၍ ကုန်းကြောင်းနှင့် ရေကြောင်းသုံး၍ စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၆ ရက်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကြောင်းထိုးချိန် ထိုင်းနိုင်ငံဘက်သို့ ယာယီစစ်ဘေးရှောင်ခဲ့ရသည့် ဒေသခံများ နေရပ်ပြန်လာနေကြပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကြောင်ထိုးခံရစဉ် ခမောက်ငယ်၊ ချောင်းဝနှင့် ဆယ်အိမ်စုရွာများရှိ နေအိမ်များအားလုံးနီးပါးလည်း ဖောက်ထွင်း ခံထားရကြောင်း ရွာသားများကပြောသည်။

ခမောက်ငယ်ရွာဘက်မှ စစ်ကြောင်းပြန်ဆုတ်သွားပြီဖြစ်သော်လည်း မလိဝမ်းတောင်ကြောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက်ရှိနေသေးသဖြင့်သတိထားနေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။