BREAKING
January 13, 2025

လောင်းလုံးမြို့အနီး စစ်ကောင်စီတပ်ဖမ်းသွားသည့် ဒေသခံလေးဦး အဆက်အသွယ်မရ

September 11, 2024

လောင်းလုံးမြို့အနီး သဗျာကျေးရွာနှင့် ရွာဟောင်းဝကျေးရွာတို့တွင် စစ်ကောင်စီတပ် ဖမ်း‌ဆီးသွားသည့် ဒေသခံလေးဦး အဆက်အသွယ်မရဘဲဖြစ်နေကြောင်း ဒေသခံတို့က ပြောသည်။

စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းက အဆိုပါဒေသခံလေးဦးကို ဖမ်းဆီးသွားခြင်းးဖြစ်ကြောင်း ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ရွာဟောင်းဝရွာရှိနေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အသက် ၂၀ ဝန်းကျင်အရွယ် လမ်းသွားလမ်းလာ လူငယ်တစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။

“ဖမ်းသွားတာက ရွာဟောင်းဝရွာလမ်းဆုံမှာ။ ဆိုင်ကယ်ရောလူပါဖမ်းသွားတယ်” ဟု ဖမ်းဆီးသွားသည်ကို မျက်မြင်တွေ့ရသူအား ကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် သဗျာကျေးရွာသို့ဆက်လက်ရောက်ရှိလာပြီး နေအိမ်အချို့ဟာ မွှေနှောက်ရှာဖွေကာ ရွာခံတစ်ဦးနှင့် စစ်ဘေးရှောင်နှစ်ဦးတို့ကို တွေ့ရှိသဖြင့် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဖမ်းခံရတဲ့ တစ်ယောက်ကတော့ ရွာခံပဲ။ ကျန်တဲ့နှစ်ယောက်က စစ်ဘေးရှောင်တွေ။ သဘော့ဆိပ်ရွာကနေပြီး စစ်ဘေးလာရှောင်နေကြတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

သဘော့ဆိပ်ကျေးရွာမှာ မောင်းမကန်ကျေးရွာအနီးတွင်တည်ရှိပြီး ဩဂုတ်လ ၂၈ ရက်ကတည်းကစပြီး စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေသဖြင့် ဒေသခံများထွက်ပြေးနေကြရသည်။

ဖမ်းဆီးခံရသည့် ဒေသခံများကို စစ်ကြောင်းနှင့်အတူတစ်ပါးတည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာသို့ ရောက်နေသည်ကို မိသားစုဝင်များကိုယ်တိုင် မသိရသေးဘဲဖြစ်နေကြောင်း ဒေသခံတို့က ဆိုသည်။

“ဘယ်မှာ လိုက်စုံစမ်းရမှန်းလည်းမသိဘူး။ အခုထိတော့ ဘာသတင်းမှမရသေးဘဲ အစအနပျောက်နေတယ်” ဟု လိုက်လံကူညီပေးနေသူတစ်ဦးက ယနေ့ နံနက် ၉ နာရီတွင် ပြောဆိုသည်။

ဖမ်းဆီးခံရသူများကို အတင်းအဓမ္မစစ်မှုထမ်းဆောင်ခိုင်းနေသည်ဆိုသည့် သတင်းတို့ကြောင့် မိသားစုဝင်များမှာ စိုးရိမ်လျက်ရှိကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။

“အရင်တုန်းကတော့ဗျာ ဘယ်လိုပြောရမလဲ အဖမ်းခံရပေမယ့် ကိုယ့်မှာအပြစ်မရှိရင် ပြန်လွတ်နိုင်သေးတယ်။ အခုက ပြန်မလွှတ်ဘဲ စစ်မှုထမ်းခိုင်းလိုက်မှာကို စိုးရိမ်နေကြတာ” ဟု လိုက်လံကူညီနေသူတစ်က ဆိုသည်။

လောင်းလုံးမြို့ခံတို့၏ အဆိုအရမူ ထားဝယ်ဘက်မှ ခြေလျင်ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း လောင်းလုံးမြို့မရဲစခန်းသို့ရောက်ရှိနေကြောင်းဆိုသည်။

အဆိုပါစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းတွင် မြို့မဈေးထဲသွားလာနေကြသည်ကိုတွေ့ရကြောင်း ဆိုသည်။